webnovel

အပိုင်း(၄) နာလည်ရခက်သော အမျိုးသမီး

အမျိုးသမီးသည် ရှလေက သူ့မအပေါ်ကို ခုန်ပြီးလှဲချလိုက်သည့်အတွက် ပါးရိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မြေပေါ်တွင် ကျည်ဆန်မှန်ရာ ဖွာထွက်သွားသည်ကို သူမ မြင်တွေ့သွားသည်။ ထိုအခါ သူမသည် အခြေအနေကို နားလည်သွားဟန်တူသည်။ ရုန်တရက် သူမသည် သူမ၏ခြေထောက်နှစ်ဖက်ဖြင့် ရှလေ၏ခါးကို ခွကာ သိုင်းဖက်ထားလိုက်ပြီးနောက် တစ်ပတ်လှိမ့်သွားသည်။ သူမသည် အပေါ်က ရှလေသည် အောက်ကဖြစ်သွားသည်။

အမျိုးသားတစ်ယောက်သည် အမျိးသမီးတစ်ယောက်အောက်တွင် လှဲနေလျက် ဖြစ်နေသည်။ ထိုအမျိုးသမီး၏ ဆီးနှင်းလို ဖြူဖွေးလှသည့် ပေါင်တံစင်းနှင့် အနက်ရောင် ဇာအတွင်းခံဘောင်းဘီတိုကို ရှင်းလင်းစွာမြင်နေရသည်။ သူမ၏ အနက်ရောင် အောက်ခံဘောင်းဘီတိုသည် တင်းကျပ်ကပ်လျပ်နေသည့် အတွက် နှခေါင်းသွေးယိုချင်စရာ အဓိကနေရာသည် ရှလေ၏မျက်စိရှေ့တွင် ရောက်ရှိလို့နေသည်။ ရှလေ ပိုပြီး ရင်ဖိုစိတ်လှုပ်ရှားသွားသည်။

အမျိုးသမီးသည် ရုတ်တရက် ရှလေအား ခြေထောက်ဖြင့် တင်းကျပ်စွာခွထားရင်းက သူမကိုယ်သူမ တစ်ဖက်သို့ လှိမ့်ချလိုက်ပြီး ရှလေနှင့်အတူ လမ်းဘေးအလှစိုက် ပန်းခြုံထဲသို့ လိမ့်ဆင်းလိုက်သည်။

ထန်...

သူတို့လှိမ့်လာခဲ့သည့် နောက်က ပန်းခြုံနံဘေးကိုဖြတ်ကာ လမ်းမပေါ်ကို ကျည်ဆန်ထိမှန်သွားပြီး မီးများဖွာထွက်သွားသည်။ ကျည်ဆန် သည် တန်ပြန်ပြီး လမ်းဘေးက ဆိုင်တစ်ဆိုင်၏ မှန်ပြတင်းကို ထိမှန်သွားသွားသည်။

ရှလေ ချွေးဇောပင် ပြန်လာသည်။

လမ်သွားလမ်းလာ လူများအားလုံး အော်ဟစ်ထွက်ပြေးသွားကြပြီး အချို့သည် မြေပေါ်တွင် ဝပ်လျားမှောက်ကာ ပုန်းကွယ်ဖို့ ကြိုးစားနေကြသည်။

ပန်းခြုံ၏ အကာကွယ်ဖြင့် ရှလေနှင့် အမျိုးသမီးသည် လက်ရှိအခြေအနေတွင် စနိုက်ပါသမား၏ မြင်ကွင်းထဲမှ ကောင်းကောင်းပုန်းကွယ်ထားနိုင်ကြသည်။

"မင်းက ဘယ်သူလဲ"

အမျိုးသမီး၏ အသံမှာ လူနှင့်လိုက်ဖက်ညီစွာ အေးတိအေးစက်နိုင်လှ။

ရှလေသည် သူမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ငါ လည်းမင်းကို မသိပါဘူး၊ ဒါပေမယ့် လူတစ်ယောက်က မင်းကို သေနတ်နဲ့ ချိန်နေတာမြင်လို့ မင်းကို တွန်းလှဲပြီး အပစ်မခံရအောင် ရှောင်လွှဲလိုက်တာ"

"ငါ အဒီအဆောက်အအုံကို မြင်တယ်၊ အဝေးကြီးပဲလေ၊ ပြီးတော့ မှောင်ပိန်းနေတာပဲ၊ ငါဘာမှလည်း မမြင်ရပါဘူး၊ ဒါပေမယ့် မင်းက မြင်တယ်။ ဆိုတော့ မင်းဘယ်လိုများ မြင်ရတာလဲ"

သူမသည် ရှလေကို နက်နက်နဲနဲမျက်လုံးများဖြင့် စိတ်ဝိညာဉ်ထဲထိ ထိုးဖောက်တော့မလို ကြည့်နေလေသည်။

ရှလေသည် အမိုးပေါ်က စနိုက်ပါသမားကို မြင်တွေ့နိုင်ခြင်းမှာ သူ၏ ဘယ်မျက်လုံး အစွမ်းကြောင့်ပင်ဖြစ်သည်။ သူ၏ မျက်လုံးသည် လူနှင့် အရာဝတ္ထုများကို ဖောက်မြင်နိုင်ရုံသာမက အဝေးကအရာများကိုလည်း မြင်ကွင်းချဲ့ကာ ကြည့်လင်ပြတ်သားစွာ မြင်နိုင်စွမ်းရှိပေသည်။ အမှန်မှာ သူသည် စနိုက်ပါသမားကို ရှင်းလင်းပြတ်သားစွာ မြင်နေရပြီး အကယ်၍ စနိုက်ပါသမားသည် ဘေ့စ်ဘောဦးထုပ်သာ မဆောင်းထားပါက သူ၏ မျက်နှာကိုပါ မြင်နိုင်လိမ့်မည်ဖြစ်သည်။

"ငါမေးတာ ဖြေဦး"

အမျိးသမီး၏လေသံ ပို၍မာကြောလာပြီး အထက်စီးဆန်လာသည်။

သူ၏ ဘယ်ဖက်မျက်လုံးစွမ်းရည်အကြောင်းမှာ လျှို့ဝှက်ချက်ပင်ဖြစ်သည်။ ရှလေသည် ထိုအမျိုးသမီးအား လုံးဝပြောပြလိမ့်မည် မဟုတ်ပါ။ သူမ၏ အပြုအမူက ရှလေအား အလွန်အမင်း စိတ်မသက်မသာ ဖြစ်ခဲ့သည်။

"ငါတွေ့လို့ ငါမြင်တာပေါ့၊ ဒါ တကယ်တော့ တိုက်ဆိုင်တာပါ၊ ဆိုပါဦး ဒါက ဘာထူးခြားတာမလို့လဲ၊ ပြီးတော့ နေပါဦး မင်း ငါ့ကို ဒီလိုပဲ အပေါ်ကနေ ခွထားတော့မှာလား"

အမျိုးသမီး သတိမူမိသွားသည်။ သူမသည် ရှလေ၏ အပေါ်တွင် ခွလျက်သားရှိနေပြီး သူမ၏မျက်နှာနှင့် ရှလေ၏ မျက်နှာမှာထိလုနီးဖြစ်နေသည်။ သူမသည် ရှလေ၏ ကိုယ်ပေါ်တွင် ဝပ်လျားမှောက်လျက် ကို့ရို့ကားယားဖြစ်နေသည်။ သူမသည် ရှလေပေါ်တွင် ကုပ်ကုပ်လေးပြန်ထိုင်လိုက်ပြီးနောက် သူ့ကို သတိပေးလိုက်သည်။

"ငုံ့နေ… မလှုပ်နဲ့"

ရှလေ ငြိမ်ငြိမ်လေးသာ ဆက်နေလိုက်သည်။ သူ၏ ဦးနှောက်ပွင့်ထွက်သွားမည့် အဖြစ်မျိုး သူ မတွေ့ကြုံလိုပါ။ သူ ပူလောင်လာကာ ဇောချွေးပြန်လာပြီး အမျိုးသမီးကို ကယ်တင်မိလိုက်သည်ကိုပင် နောင်တရချင်လာသည်။ သူသည် သူမ၏နာမည်ကို သိတောင်မသိပါ။ စနိုက်ပါသမားသည် သူ့အား သူမ၏ မိတ်ဆွေဟု တွေးထင်သွားပါက သူသည် အလကားသက်သက် တစ်ပါတည်း လုပ်ကြံခံရတော့မည် မဟုတ်ပါလော။

"အခု ငါ့ကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

အမျိုးသမီးသည် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး

"ငါက လုံပိန်"

သူသည် သူမ၏နာမည်ကို မသိသည့်အကြောင်းအား စဉ်းစားနေစဉ်မှာပင် သူမသည် သူမကိုယ်ကို မိတ်ဆက်လာသည်။ ရှလေသည် စိတ်ဖြေလျော့လိုက်ပြီးနောက် သူ၏ လက်ကိုဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး

"ငါက ရှလေ"

"နင်က ဘယ်ကလဲ"

ရှလေသည် မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

"ဟိုင်ကျူးမြို့က၊ မင်းက‌ရော"

"ငါ နင့်ကို ကာစီနိုရုံထဲမှာ မြင်ကတည်းက မင်းက ပြည်မကြီးသားတစ်ယောက်မှန်းငါသိတယ်"

လုံပိန်က ပြန်ပြောလိုက်သည်။

"ငါက ကျင်းထူ က"

"စနိုက်ပါသမားက ဘာလို့မင်းကို သတ်ချင်နေတာလဲ"

ရှလေသည် သူမကို ကြည့်ပြီး သိလိုသည့် သဘောဖြင့် မေးလိုက်သည်။

လုံပိန်၏ နဖူး အနည်းငယ်တွန့်သွားပြီး

"နင် သိစရာမလိုပါဘူး"

ထို့နောက် ရဲကားဥဩသံဆွဲသံများသည် ထိုညအချိန်တွင် တဖြည်းဖြည်းကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံသည် လူများအား စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ခဲ့သည်။

"သူသွားလောက်ပြီ"

လုံပိန်က ရုတ်တရက် ပြောလိုက်သည်။

"မင်း ဘယ်လိုသိတာလဲ"

ရှလေ မယုံသင်္ကာဖြစ်နေသည်။ သူသည် လုံပိန်၏အကြောင်းကို ပိုပိုပြီး သိချင်လာသည်။

"ငါ့ရဲ့ အတွေ့အကြုံကနေ သိတာပဲ"

လုံပိန်က ပြောလိုက်သည်။

ရှလေသည် နှစ်မီတာလောက်ကို တွားသွားလိုက်ပြီး ပန်းခြုံကြားထဲမှ ခေါင်းပြူကာ မျက်နှာချင်းဆိုင်က အဆောက်အဦး၏ အမိုးထိပ်ကို လှမ်းကြည့်လိုက်သည်။ စနိုက်ပါသမား မရှိတော့ပေ။ သူ လက်လျော့သွားပြီဖြစ်သည်။

"ငါ့ ကို ယုံပြီလား"

လုံပိန်သည် မြေပေါ်တွင် ထရပ်လိုက်ပြီး သူမ၏ ညနေခင်းပွဲတက်ဝတ်ရုံပေါ်က ဖုန်မှုန့်များကို ခါထုတ်နေသည်။

"စောက်ကျိုးနည်း မင်းဘယ်လိုများသိတာလဲ"

ရှလေသည် ထိုအမျိုးသမီးက သာမာန်မဟုတ်မှန်း အသေအချာသိလိုက်သည်။ အကြောင်းမှာ ရှင်းရှင်းလေးပင်၊ သူမသည် စနိုက်ပါသမား မရှိတော့တာကို သူမ၏အတွေ့အကြုံဖြင့် ပြောနိုင်ခဲ့သည်။ သူမသာ သာမာန်ဆိုပါက ထိုသို့သော အတွေ့အကြုံမျိုးနှင့် ယုံကြည်မှုမျိုး ရှိပါမည်လော။

"မင်း အခွင့်ရှိလို့ ကြုံလာခဲ့ရင် သိလာပါလိမ့်မယ်၊ အခုသွားတော့.. မြန်မြန်၊ မင်းမှာ ကူးသန်းဖို့ အထောက်အထားလက်မှတ်တွေမရှိဘူးမလား။ မင်းကို မိသွားရင် ဒုက္ခရောက်နေလိမ့်မယ်"

လုံပိန်က ပြောလိုက်သည်။

ရှလေ အံ့အားသင့်သွားပြီး သူ တစ်ကိုယ်တည်း တွေးတောမိလိုက်သည်။

"ဒီ အမျိုးသမီးက တကယ်ကို ဆူးတွေနဲ့ပဲ"

"ခဏနေဦး..ရော့ ဒါက ငါ့နာမည်ကဒ်၊ မင်း ဘာအကူအညီပဲလိုလို ဒီဖုန်းနံပါတ်နဲ့ ငါ့ဆီကို ဆက်လိုက်"

လုံပိန်က ပြောလိုက်သည်။

ရှလေသည် သူမ၏ကဒ်ကို ယူပြီး ကြည့်လိုက်သည်။ ကဒ်ပေါ်တွင် သူမ၏ အမည်နှင့် ဖုန်းနံပါတ်က လွဲ၍ အခြားဘာမှ မပါပေ။

'လူထူးဆန်းတွေက အမည်ကဒ်ကအစ ထူးဆန်းတာပါ့လား'

ရှလေ တွေးတောလိုက်သည်။

သူသည် ထိုသို့စဉ်းစားနေရင်း ပြုံးပြပြီး ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ.. နောက် တစ်နေ့နေ့ကျရင် မင်းကို လက်ဖက်ရည်တိုက်ဖို့ လှမ်းခေါ်လိုက်ပါမယ်"

"ပြောင်းပြန်တွေ မပြောပါနဲ့၊ ကူညီတဲ့အတွက် ငါ့ဘက်က ပြန်ဆပ်မှာပါ"

လုံပိန်က ပြောလိုက်သည်။

ရှလေ၏ မျက်နှာတွင် ရေခဲရိုက်ထားသည့် အပြုံးပေါ်ထွက်လာသည်။ သူသည် ပုခုံးကိုတွန့်လိုက်ပြီး ရှက်ရှက်နှင့် လှည့်ထွက်လာခဲ့သည်။

သူထွက်လာပြီး မကြာမီ ရဲကားတချို့ လမ်းဘေး၌ ရပ်လာကြသည်။ ရဲအရာရှိများသည် လက်ထဲတွင် သေနတ်များကိုင်ကာ ကားပေါ်မှ ဆင်းလာကြပြီး သူတို့၏ကားများကို အကာအကွယ်ယူထားကြသည်။ သူတို့ စိုးရိမ်မကင်းဖြစ်နေကြဟန်တူပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း သိပုံမပေါ်ပေ။

လုံပိန်သည် မျက်နှာချင်းဆိုင်အဆောက်အဦးထိပ်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူမသည် မှုန်ဝါးဝါးသာမြင်ရသည်။ လူတစ်ယောက် ထိုအဆောက်အဦး၏ အမိုးထိပ်မှာရှိနေပါက သူမ မြင်နိုင်လိမ့်မည်မဟုတ်ပါ။

လုံပိန်သည် အဆောက်အဦးထိပ်ကို ကြည့်နေရာမှ ရှလေထွက်သွားသည့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မျက်မှုန်ကြုတ်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ ရေရွတ်လိုက်သည်။

"ငါ့ရဲ့ မြင်နိုင်စွမ်းကလည်း အကောင်းကြီးပါ၊ ငါ အဲဒီထိပ်ကို မမြင်ရပါဘူး၊ သူက ဘယ်လို မြင်တာလဲ၊ သူ့ရဲ့ မြင်နိုင်စွမ်းက ပုံမှန်ထက် သာနေတာလား၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ….၊ ကာစီနိုလောင်းကစားရုံထဲမှာကတည်းက သူ့ရဲ့အပြုအမူကလည်း ထူးဆန်းနေတယ်၊ ဒီလူ… ငါ သူ့ရဲ့နောက်ကြောင်းကို စုံစမ်းရမယ်"

ရှလေသည် လုံပိန်၏စကားကို မကြားနိုင်ခဲ့ပေ။ သူသည် အငှားရေယာဉ်စီးရန် ဆိပ်ကမ်းဆီသို့ ဦးတည်လျှောက်လှမ်းလာနေခဲ့သည်။

သူ ရောက်လာခဲ့စဉ်က ယွမ်ကိုးထောင်ကျော်သာ ပါသော်လည်း ယခုအခါ ယွမ်နှစ်သိန်းတစ်သောင်းဖြင့် ပြန်ထွက်လာခဲ့သည်။ ၎င်းသည် ချမ်းသာကြွယ်ဝသူများအဖို့ မဖြစ်သလောက်ငွေကြေးလေးဖြစ်သော်လည်း ရှလေအတွက်တော့ ကံကောင်းမှုကြီးပင်ဖြစ်သည်။ ယခု သူသည် ရှရွှယ်၏ ကျောင်းစရိတ်အတွက် ငွေပေးနိုင်ပြီ ဖြစ်ပြီး ကျန်သည့် ငွေကို အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုခု ပြုလုပ်ခြင်း သို့မဟုတ် သူတို့၏ ဘဝ တစ်စိတ်တစ်ဒေသကို ပြောင်းလဲနိုင်လိမ့်မည်မှာ ဖြစ်နိုင်ချေ များစွာရှိပေသည်။

နောက်ဆုံးတွင် သူသည် ဟိုင်ကျူးမြို့ ဆိပ်ကမ်းတံတားပေါ်သို့ ပြန်ရောက်ပြီးနောက် သူ၏ ဖုန်းကို ထုတ်ကြည့်လိုက်ရာ မာရှောင်အန်းထံမှ မစ်ကောများ ဝင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် သူ့အတွေးနှင့်သူ ပြုံးလိုက်ပြီး

"ဒီဝတုတ် ငါကို့ တွေ့ဖို့ ဆေးရုံကို သွားတယ်နဲ့တူတယ်။ ငါ ဆေးရုံက ဆင်းသွားလို့ သူ ငါ့ကို စိတ်ပူနေတယ်နဲ့တူတယ်၊ ငါ သူ့အတွက် အိုင်ဖုန်းစစ်ပလပ်(iphone 6+) ဝယ်သွားပြီး ပျော်သွားအောင်လုပ်ပေးရမယ်"

ရှလေသည် သူကိုယ်၌က ပြည်တွင်းထုတ် ဈေးပေါသောဖုန်းကိုသာ အသုံးပြုသော်လည်း သူငယ်ချင်းများအတွက် ကောင်းကောင်းဖြစ်စေချင်ပြီး၊ သူတို့အတွက် ကောင်းသည့်အရာကိုသာ လက်ဆောင်ပေးလိုသည်။

သူသည် လမ်းဘေးတွင် ဘက်စ်ကားအလာကို စောင့်ဆိုင်းနေရင်း မာရှောင်အန်းဆီကို ဖုန်းခေါ်လိုက်သည်။

"ဟလို… ရှောင်အန်းလား၊ ငါ လေပါ၊ မင်း အခု ဘယ်မှာလဲ၊ ငါ မင်းကို လာခေါ်မယ် ပြီးရင် ငါတို့ သွားသောက်ရအောင်"

"သောက်ပါ.. သောက်…"

မာရှောင်အန်း၏ အသံသည် သူ၏ ပါးစပ်ထဲတွင် တစ်ခုခု ငုံထားသကဲ့သို့ ဖုန်းထဲတွင် ထစ်ငေါ့ငေါ့နှင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

"သောက်ပါ… ငါ့… ငါ့ ခြေထောက်….. ငါ… အခု ဆေးရုံမှာ"

"မင်းက ဆေးရုံမှာလား"

ရှလေ အံ့အားသင့်သွားသည်။

"ဘာလို့လဲ၊ ဘာဖြစ်လို့လဲ၊ မင်းက ဘာလို့ ဆေးရုံမှာရှိနေရတာလဲ"

"အဲဒီ… မင်းတစ်ယောက်တည်းသွားတော့… မင်း… ဂရုစိုက်ပါ… မင်းဒီကို လာရင်… .#%^* .. .. လာမရှာတော့နဲ့"

မာရှောင်အန်းသည် စကားတစ်ကြောင်းဆုံးဖို့ မောဟိုက်ရှိုက်ငင်စွာ ပြောနေရသည်။

"ငါ့ကို စောင့်နေ၊ ငါ အဲဒီကို လာခဲ့မယ်"

ရှလေသည် မောင်းနှင်လာနေသည့် တက္ကစီတစ်စီးကို လက်ကာတားလိုက်ပြီး ကားထဲသို့ အပြေးအလွှား ဝင်လိုက်သည်။

နာရီဝက်ခန့်ကြာပြီးနောက် ရှလေသည် မနက်က သူဆင်းလာသည့် ဆေးရုံသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် သူနာပြုဆောင်သို့သွားရောက် မေးမြန်းပြီးနောက် မာရှောင်အန်း၏ လူနာဆောင်ကို ရှာတွေ့ခဲ့သည်။

မာရှောင်အန်း၏ ခေါင်း၊ လက်မောင်း၊ နှင့် ခြေထောက်တို့တွင် ပတ်တီးများပတ်စည်းထားပြီး သူ၏ မျက်နှာတစ်ခြမ်းမှာလည်း ရောင်ကိုင်းနေသည်။ သူသည် တစ်စုံတစ်ယောက်၏ ပြင်းပြင်းထန်ထန်ရိုက်နှက်မှုကို ခံခဲ့ရကြောင်း တစ်ချက်ကြည့်ရုံဖြင့် သေချာသိနိုင်ပေသည်။

"ရှောင်အန်း… ငါ့ကို ပြောစမ်း၊ ဒါမင်းကို ဘယ်သူလုပ်တာလဲ"

ရှလေသည် စိုးရိမ်ဒေါသကြီးစွာဖြင့် ပြောလိုက်သည်။

မာရှောင်အန်း ခါးသက်စွာပြုံးလိုက်သည်။

"ဘယ်သူလဲတဲ့လား၊ ဘယ်သူရှိရမလဲကွာ…"

ရှလေသည် ရုတ်တစ်ရက် လူတစ်ယောက်ကို ပြေးမြင်သွားသည်။

"ဟိုကောင်… ချန်းချွမ်ဟူလား"

မာရှောင်အန်း ခေါင်းညိတ်ပြလိုက်ပြီး ထိုအခိုက်က ဖြစ်ကြောင်းကုန်ကို ရှလေအား ပြောပြလိုက်သည်။

ချန်းချွမ်ဟူရောက်လာပြီး သူ၏ နောက်လိုက်များအား မာရှောင်အန်းကို ရိုက်နှက်ပြီးနောက် ရှလေ၏နောက်သို့ လိုက်ရန် စေခိုင်းခဲ့သည်။ သို့သော်လည်း သူတို့သည် မားရှောင်အန်းကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်းရိုက်နှက်နေခဲ့ကြသည်။ မာရှောင်အန်းသည် သွေးများအန်ထွက်လာပြီး လမ်းပင်မလျှောက်နိုင်အောင် ဖြစ်ခဲ့သည်။ ချန်းချွမ်ဟူနှင့် သူ၏နောက်လိုက်နောက်ပါများ ပြန်ထွက်သွားကြသည့် အခါမှသာ မာရှောင်အန်းသည် ဆေးရုံတင်ခံခဲ့ရခြင်းဖြစ်သည်။

"မိမစစ် ဖမစစ်ကောင်၊ သူ့ကို ဒီလိုလုပ်ဖို့ အခွင့်အရေး ဘယ်သူပေးထားလို့လဲ၊ သူက ဥပဒေထက်ကကောင်လား၊ ဒီလိုလူရမ်းကားကောင်ကို ထိန်းမယ့်လူ မရှိတော့ဘူးလား"

မာရှောင်အန်း၏ စကားကို ကြားပြီးနောက် ရှလေသည် စိတ်ထိန်းမရ ဖြစ်လာပြီး ဆေးရုံကုတင်ကို လက်သီးဖြင့်ထိုးလိုက်သည်။

"ဥပဒေလား"

မာရှောင်အန်း ခါးသက်စွာရယ်မောလိုက်သည်။

"လေ၊ မင်းသိလား…၊ ချန်းချွမ်ဟူက ငါ့ကို ရိုက်ပြီးနောက်မှာ ပြောသွားသေးတယ်… သူပြောတာ သူ့ဦးလေးက ရဲမှူးချုပ်တဲ့ ပြီးတော့ ငါတို့ကို သူက အချိန်မရွေး ဂျေးထဲရောက်အောင်လုပ်လို့ရတယ်တဲ့"

"ဆိုတော့ သူ့ဦးလေးက ရဲမှုးဖြစ်တာနဲ့ပဲ သူလုပ်ချင်တာ လုပ်လို့ရသွားပြီတဲ့လား"

ရှလေ ဒေါသကြီးစွာ ပြောလိုက်သည်။

"ငါ ရဲခေါ်လိုက်တော့ အရာရှိတစ်ယောက်ရောက်လာတယ်၊ မေးခွန်း နည်းနည်းပဲမေးပြီး ပြန်ထွက်သွားတယ်၊ သူ့မှာ ချန်းချွမ်ဟူကို စစ်ဆေးဖို့ စိတ်ကူးတောင် ရှိပုံမရဘူး"

မာရှောင်အန်း ဆက်ပြောသည်။

"နောက်တော့.. ဆရာဝန်တစ်ယောက် ငါ့ကို ပြောပြတာ ချန်းချွမ်ဟူရဲ့ ဦးလေး လီချန်ဟွာက ဒီနယ်ရဲ့ ရဲချုပ်တဲ့၊ ချန်းချွမ်ဟူက ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ အမြဲလုပ်ကိုင်ဆောင်ရွက်ရတယ်၊ အဲဒီမှာ လီချန်ဟွာက အဓိကကြိုးကိုင်သူပဲ၊ ပြီတော့ ချန်းချွမ်ဟူကလည်း သူ့အတွက် လုပ်ပေးနေတာ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြိုးဆောင်နေကြတာ၊ တစ်ယောက်က ပါဝါရှိတယ်၊ တစ်ယောက်က အာဏာရှိတယ်၊ နှစ်ယောက်လုံးက ဥပဒေကို ဖင်ခုပြီး အာဏာကို အလွဲသုံးစားလုပ်နေကြတာပဲ။ ငါတို့ မယှဉ်နိုင်လောက်ဘူး၊ မင်း ဂရုစိုက်ပါ၊ သူပြောတယ် မင်းက သူ့ဆီကနေ ဆေးရုံခ တစ်သောင်းလိမ်သွားခဲ့တယ်တဲ့၊ ပြီးတော့ သူရဲ့ လျှပ်စစ်ဂဟေဆော်တဲ့စက်နဲ့ ထရန်စဖော်မာဖိုးကိုလည်း ပြန်လိုချင်နေတယ်၊ လေ….၊ မင်း ရှရွှယ်ကို ခေါ်ပြီး ရက် နည်းနည်းလောက်ပုန်းနေလိုက်ပါ"

"ပုန်းရမတဲ့လား၊ ငါတို့က ဘာလို့ ပုန်းရမှာလဲ၊ ငါ သူ့ရဲ့ ဆောက်လုပ်ရေးဆိုက်ထဲမှာ ဒဏ်ရာရခဲ့တာလေ၊ ကံမကောင်းရင် ငါ့မျက်လုံးတောင် ကန်းသွားနိုင်တယ်၊ ငါ့မျက်လုံးက တစ်သောင်းနဲ့ ဝယ်လို့ ရလား၊ နောက်ပြီးတော့လည်း ဒီလိုအခြေအနေမျိုးမှာတောင် သူက မင်းကို ရိုက်သွားသေးတယ်၊ မှားတဲ့လူက သူပဲ၊ မင်းလည်းမဟုတ်ဘူး၊ ငါလဲမဟုတ်ဘူး။ မင်းအတွက် တရားမျှတမှုရှိအောင် ငါပြန်လုပ်မယ်"

ရှလေသည် ပြောရင်းဆိုရင်း စိတ်ဓာတ်ပြင်းထန်လာသည်။

" လေ၊ မင်း ငါပြောတာ နားထောင်စမ်းပါ"

မာရှောင်အန်းက စိုးရိမ်မကင်းဖြစ်စွာဖြင့် ပြောသည်။

"ဒီကိစ္စကို မေ့လိုက်ပါ၊ ငါ အဆင်ပြေပါတယ်"

"ဒီအတွက် မစိုးရိမ်ပါနဲ့၊ မင်း ဒီနေရာမှာပဲ အေးအေးဆေးဆေး အနားယူနေပါ"

ရှလေ ပြောလိုက်သည်။

ထို့နောက် သူနာပြုဆရာမတစ်ယောက် လျှောက်ဝင်လာသည်။ သူသည် ရှလေကို တစ်ချက်ကြည့်လိုက်ပြီး

"ရှင်က ကုတင်(၁၉)ရဲ့ လူနာရှင်လား၊ ရှင် ကုသစရိတ် အကြွေးပေးစရာရှိတယ်၊ မဟုတ်ရင် ဆေးဆိုင်က ဆေးထပ်ထုတ်ပေးတော့မှာ မဟုတ်ဘူး"

"ဘယ်လောက် ပေးစရာရှိတာလဲ"

ချန်းချွမ်ဟူသည် မာရှောင်အန်း၏ ဆေးရုံစရိတ် အတွက် တစ်ပြားတစ်ချပ်မှ မပေးထားခြင်းကြောင်းကို မားရှောင်အန်းအား မေးကြည့်နေစရာပင်မလို၊ ရှလေ သိလိုက်သည်။

" အကြွေးက ထောင့်နှစ်ရာပါ၊ နောက်ပြီး သူ့အတွက် နောက်ထပ်ဆေးတွေ ထပ်လိုနေသေးတယ်၊ ဒီတော့ ရှင် နောက်ထပ် များများ ပိုပေးထားဖို့ အကြံပေးချင်တယ်၊ ခုနှစ်ထောင်ဆိုရင်တော့ အလုံအယလောက်ဆုံးပေါ့"

သူနာပြုကပြောလိုက်သည်။

"ပိုက်ဆံလား၊ ငါ တစ်နည်းနည်းနဲ့ ရှာလိုက်မယ်.. … လေ အဲ့ဒီကိစ္စတွေ မေးမနေနဲ့"

မာရှောင်အန်း အလွန်နာကြင်ကိုက်ခဲနေသည့်ကြားက အံကိုခဲ၍ ပြောလိုက်သည်။

"ကျွန်တော် ဆရာမကို ရှစ်ထောင်ပေးလိုက်မယ်၊ ကျွန်တော့် သူငယ်ချင်းကို ကောင်းကောင်း ဂရုစိုက်ပေးပါ"

ရှလေသည် သူပြောသည့် အတိုင်းပင် ငွေပြေစာကို လက်ခံလိုက်ပြီး ငွေပေးချေလိုက်သည်။

မာရှောင်အန်း၏ မျက်ဝန်းတွင် မျက်ရည်များရစ်ဝိုင်းလာသည်။

"လေ၊ မလုပ်ပါနဲ့၊ အဲဒီငွေက ရှရွှယ်အတွက် ကျောင်းစရိတ်တွေမလား"

သို့သော်လည်း ရှလေသည် နောက်သို့ လှည့်ပင်မကြည့်ဘဲ အခန်းထဲမှ ထွက်ခွာသွားပြီဖြစ်သည်။

tvs