webnovel

အပိုင်း(၃) မက်လောက်စရာမရှိ

TVS

ညနေခင်း၏ လေပြေညှင်းက ဟိုင်ကျူးမြို့ဆီသို့ အေးမြမှုကို ဆောင်ကြဉ်းလို့လာသည်။

"ဘယ်လို၊ ရှလေ ဆင်းသွားပြီလား"

မာရှောင်အန်းသည် တအံ့တဩဖြစ်လျက် ပါးစပ်အဟောင်းသားဖြင့် ဆေးရုံသူနာပြုဆောင်ရှေ့တွင် ရပ်နေသည်။

"သူ့ရဲ့မျက်လုံးလည်း အဆင်ပြေတယ်၊ ဘာမှ မဖြစ်ဘူး၊ ပြီးတော့ ဆေးရုံမှာလည်း ကတင်မလောက်တော့တာမလို့ ငါတို့ သူ့ကို ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တယ်"

"သူ့...၊ သူ့မျက်လုံး ကောင်းသွားပြီလား"

မာရှောင်အန်း အံ့ဩပြီးရင်း အံ့ဩရင်း ဖြစ်နေသည်။

"ရှင်နဲ့ ဘာတော်တာလဲ"

သူနာပြုသည် စိတ်မရှည်တော့သည့် ညည်းညူသော လေသံဖြင့်

"ရှင့်မှာမေးစရာရှိရင်လည်း သူ့ကိုဘဲ တိုက်ရိုက်သွားမေးလေ၊ ဒီမှာကျွန်မ အလုပ်ရှုပ်နေတယ်၊ ဒါကြောင့် ကျွန်မအလုပ်ကို မနှောက်ယှက်ပါနဲ့"

" ကျွန်တော် တောင်းပန်ပါတယ်"

မာရှောင်အန်း ပြန်၍ လှည့်ထွက်လာခဲ့သည်။ သူ့ ဖုန်းကို ထုတ်လိုက်ပြီး ရှလေ ကို ဖုန်းဆက်လိုက်သည်။ သို့သော်လည်း ရှလေ၏ ဖုန်းမှာ စက်ပိတ်ထားသည်။

မာရှောင်အန်းသည် ဓာတ်လှေကားတံခါးနား ရပ်နေပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေသည်။

"ဒီကောင် ဘာတွေလုပ်နေတာလဲ"

ရုတ်တရက် ဓာတ်လှေကားတံခါး ပွင့်လာပြီး ချန်ချွမ်းဟူ နှင့် လူငယ်တချို့ထွက်လာသည်။

ချန်ချွမ်းဟူကို မြင်လိုက်ရသည့်အခါ မာရှောင်အန်းသည် ထိတ်လန့်တကြားဖြစ်သွားပြီး ပြန်လှည့်ပြေးဖို့ ကြံလိုက်သော်လည်း ချန်းချွမ်းနှင့် ပါလာသည့် လူငယ်များက သူ့ကို ဝိုင်းထားလိုက်ကြသည်။

"မင်းတို့တွေ ဒါဘာလုပ်တာလဲ"

မာရှောင်အန်း၏ အသံ တုန်ရီနေသည်။

"ဘာလုပ်တာလဲတဲ့လား"

ချန်းချွမ်ဟူသည် မဲ့ပြုံးပြုံးလိုက်သည်။

"သေလိုက်လေ၊ ငါ့ ပိုက်ဆံတွေကို မင်းနဲ့ ရှလေနဲ့ အတူပေါင်းပြီး လိမ်ကြတာလေ၊ ငါ သူ့အကြောင်းကို ဆရာဝန်ဆီမှာ ခေါ်မေးပြီးသွားပြီ၊ ဆရာဝန်က ငါ့ကိုပြောတာ ရှလေရဲ့မျက်လုံးက အားလုံးကောင်းတယ်၊ ဘာပြဿနာမှ မရှိဘူး၊ ဆေးရုံကလည်း ဆင်းသွားပြီတဲ့။ သူက ငါ့ရဲ့ လျှပ်စစ်ဂဟေဆက်တဲ့စက်နဲ့ ထရန်စဖော်မာကို ဖျက်စီးခဲ့တယ်၊ ဆေးရုံစရိတ် တစ်သောင်းကိုပါ ငါ့ဆီက လိမ်သွားသေးတယ်၊ ငါ ဘာလုပ်မယ်လို့ မင်းထင်လဲ"

"ဒါက၊ ဒါက အထင်လွဲနေတာပဲ"

မာရှောင်အန်း သတ္တိခဲကာ အရဲစွန့်၍ပြောလိုက်သည်။

"အထင်လွဲတာတဲ့လား၊ သေလိုက်လေ"

ချန်းချွမ်းဟူ စိတ်ဆိုးဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

"ဒီကောင့်ကို အရင်ရိုက်၊ ရိုက်ပြီးရင် ဟိုမိမစစ် ဖမစစ်ကောင် ရှလေကို လိုက်ရှာကြ၊ ဒီကောင် ဝေးဝေးမရောက်နိုင်သေးဘူး"

လူငယ်များ စုလာကြပြီး မာရှောင်အန်းကို ထိုးကြိတ်ကန်ကြောက်ကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး လူမဆန်စွာ ရိုက်နှက်မှုများကြောင့် မကြာမီမှာပင် မာရှောင်အန်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော်လည်း သူတို့သည် လက်လျော့မသွားဘဲ ဆက်ပြီး ရိုက်နှက်ကြလေသည်။ လူငယ်များသည် မာရှောင်အန်းအား ဝိုင်းကန်ကြသည်။

မာရှောင်အန်းသည် သူ၏လက်နှစ်ဖက်ကြား ခေါင်းကို ဝှက်ကာ ပုဇွန်လို ကျုံ့ကျုံ့လေးကွေးနေရင်း သူ၏ စိတ်အတွေးထဲတွင်

'လေ… မြန်မြန်သာ အဝေးကို ပြေးတော့၊ အိမ်မှာ မနေနဲ့'

ထိုအဖြစ်အပျက်များကို ရှလေတစ်ယောက် လုံးဝမသိနိုင်ခဲ့ပေ။ မာရှောင်အန်း ဆင်းရဲဒုက္ခများ ခံစားနေရချိန်တွင် ရှလေသည် မကာအိုက လီဆုဘန်ဟိုတယ် ကာစီနိုလောင်းကစားရုံထဲသို့ လျှောက်ဝင်လာနေပြီ ဖြစ်သည်။

ဟိုင်ကျူးမြို့နှင့် မကာအိုသည် မြစ်ရေတစ်ကြောင်းသာခြားထားပြီး မကာအိုကို ကူသန်းသွားလာဖို့မှာ အဆင်ပြေလွယ်ကူသည်။ ဖြတ်ကူးဖို့ အထောက်အထား လက်မှတ်များ မပါတောင် လှေတစ်စင်းကို ငွေနှစ်ရာ ဖြတ်သန်းခပေးပြီး ခိုးကူးလို့ရသည်။ သူ၏ ဖုန်းကို စက်ပိတ်ထားခြင်းမှာ သူ ဟိုင်းကျူးမြို့မှ မကာအိုသို့ ထွက်လာသည်ကို မည်သူ့ကိုမျှ မသိစေချင်သောကြောင့် ဖြစ်သည်။

မကာအိုက ကာစီနိုလောင်းကစားရုံများသို့ လာရောက်ခြင်းသည် ထွင်းဖောက်အမြင်ကို အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံး အသုံးချနိုင်မည့် နည်းလမ်းပင်ဖြစ်သည်။

ရှလေသည် ငွေရှစ်ထောင်ကို တိုကင်ပြားအဖြစ်လဲလှယ်လိုက်ပြီး ဘလက်ဂျက်ခုံများဆီသို့ ဦးတည်လျှောက်လာခဲ့သည်။

စားပွဲတစ်လုံးတွင် အနက်ရောင် ညနေခင်း ပွဲတက်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် လောင်းကစားနေသည်။ သူမ၏ခါးနှင့် အောက်ပိုင်းကိုယ်တွင် ပြောင်မြောက်သော ကောက်ကြောင်းအလှများရှိပေသည်။ သူမသည် ခပ်လန်းလန်းနှင့် လှပပြီး ဆွဲဆောင်မှုရှိသော်လည်း လူများအတွက် သူ့အနားကို ချဉ်းကပ်နိုင်ဖို့မှာ မလွယ်ကူပေ။ ရှလေသည် သူ၏ ထွင်းဖောက်အမြင်ဖြင့် ငွေရှာမည့် အခွင့်အရေးများကို အလားကား ဆုံးရှုံးသွားမည်စိုး၍ သူမကို ကြာကြာမကြည့်တော့ပေ။

အနက်ရောင်ညနေခင်းပွဲတက်ဝတ်စုံနှင့် အမျိုးသမီးသည် ရှလေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် တစ်စက္ကန့်မျှပင် မကြာပေ။ ရှလေသည် ချောမောခန့်ငြားသော်လည်း သူ၏ အဝတ်အစားများသည် အထပ်ထပ်အခါခါ ဝတ်ပြီးသားမှန် တစ်စက္ကန့် ကြည့်ရုံဖြင့် သေချာသိနိုင်သည်။

ရှလေ လျှောက်ဝင်လာသည့်အခါ သူမသည် ဖဲဝေသူနှင့် တစ်လှည့် ကစားလို့နေသည်။ ဖဲဝေသူက ၁၉၊ သူမမှာက ၁၇…။ ဖဲဝေသူက အနိုင်ရသွားသည်။

"ဆိုးလိုက်တဲ့ကံ၊ ငါ တစ်ခါမှကို မနိုင်သေးဘူး၊ ငါ ဆက်မကစားနိုင်တော့ဘူး"

အမျိုးသမီးသည် တစ်ကိုယ်တည်း မြည်တွန်တောက်တီးနေပြီး မျက်မှောင်ကြုတ်လျှက် အတော်လေး မကျေမနပ်ဖြစ်နေပုံရသည်။

ရှလေသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ယွမ်ရှစ်ထောက် တိုကင်ပြားများကို စားပွဲပေါ်ကို အစီအရီတင်လိုက်သည်။

"ကစားမလို့ပါလား ဆရာ"

ဖဲဝေသည့် မိန်းကလေးက ပြုံးပြသည်။

ရှလေ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပြုပြီး ကြေးတင်ပါ"

ဖဲဝေသူ မိန်းကလေးက သူမ၏ အပြုံးကို ပြန်ထိန်းလိုက်သည်။

ရှလေသည် လောင်းကြေးတင်ဖို့ အလျှင်မလိုဘဲ ဖဲဝေသည့် မိန်းကလေး၏ ရှေ့က ဖဲဝေစက်ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူ၏ ဘယ်ဘက်မျက်လုံးသည် ဖဲဝေသည့် စက်ကို ဖြတ်ကာ ပထမကဒ်ကို လှမ်းမြင်နေရသည်။ ဖဲချပ်နှစ်ချပ်ကြားက အထက်ကမှောက်ထားသည့် ဖဲချပ်၏ အလင်းရောင်မဝင်နိုင်သည့်ဘက်က နံပါတ်နှင့် ဖဲပွင့်သည် သူ၏ အမြင်တွင် တစ်ဆတစ်ဆနှင့် ကြည်လင်ပြတ်သားလာသည်။ ပထမကဒ်သည် အေ(တစ်)ပင် ဖြစ်သည်။

"ဆရာ…"

ဖဲဝေသူက သတိပေးလိုက်သည်။

"ကျေးဇူးပြု၍ လောင်းကြေးတင်ပါ"

ရှလေ ပြုံးလိုက်ပြီး

"ငါ ဘယ်လောက် လောင်းရင်ကောင်းမလဲစဉ်းစားနေတာပါ"

ဖဲဝေသည့် မိန်းကလေး ရှလေ၏ မဖြစ်သလောက် တိုကင်ပုံလေးကိုကြည့်ပြီး သူမ၏ နှုတ်ခမ်းထောင့်လေး တစ်ချက်တွန့်သွားသည်။ သူမအနေဖြင့် ကြည့်ရတာ ရှလေသည် ပြည်မကြီးက အလုပ်သမားပေါက်စလောက်သာ ဖြစ်ဟန်တူပြီး ဤနေရာကို ကံကစားဖို့ လာရောက်ကြိုးစားခြင်းပင်ဖြစ်သည်။ ထိုသို့သောလူများသည် မလောင်းစားမှီတွင် အချိန်အတန်ကြာ စဉ်းစားချင့်ချိန်ကြရသည်။ သူတို့၏ လောင်းကြေးများသည် သူတို့ အသက်သွေးချွေးနှင့်ရင်းထားပြီးမှ ရခဲ့သည့် လုပ်စာများဖြစ်ပြီး ဆုံးရှုံးသွားပါက ကုန်းကောက်စရာမရှိ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ဖဲဝေသည့် မိန်းကလေးက ရှလေကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်နေစဉ်တွင် ရှလေသည် ဖဲဝေစက်ထဲက ဖဲကဒ်လေးချပ်ကို သူ၏ မြင်နိုင်စွမ်းကို အသုံးချပြီး ကြည့်နေသည်။ ပထမဖဲချပ်က အေ(တစ်)၊ ဒုတိယချပ်က ကိုးပိမ့်၊ တတိယချပ်က ကင်း၊ စတုတ္ထချပ်က တစ်ဖူး။ ဖဲဝေမည့် ရလဒ်အနေဖြင့်ကြည့်လျှင် သူသည် ဘလက်ဂျက် သုံးဆ ရလိမ့်မည်ဖြစ်သည်။

ရှလေသည် ဖဲဝေစက်ပေါ်က သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ တိုကင်ပြားအားလုံးကို ရှေ့သို့ထိုးလိုက်ကာ

"၈၀၀၀ အကုန်အောမယ်"

ဖဲဝေသူ ဘဝင်ခိုက်သွားပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ရှလေကို ဖဲဝေလိုက်ပြီး အကုန်ရှုံးနိမ့်ကာ ဝိုင်းကထသွားရမည့် အဖြစ်ကို မြင်ယောင်နေခဲ့သည်။

ရှလေသည် သူ၏ ဖဲချပ်က ဘာဖြစ်မည်ကို သိသော်လည်း မသိဟန်ဖြင့် ကစားသမားအစစ်တစ်ယောက်လို ဟန်ဆောင်နေလိုက်သည်။ သူသည် မှောက်ထားသည့် အပေါ်ကကဒ်ကို ဖိလိုက်ပြီး ထောင့်ကစပြီး ဖြေးဖြေးချင်း လှန်လိုက်ပြီးနောက် ထ၍ ကြွေးကြော်လိုက်သည်။

"အေ... အေပဲ "

အနက်ရောင် ညနေခင်းပွဲတက်ဝတ်စုံနှင့် အမျိုးသမီးသည် ရှလေကို သရော်သလို အကြည့်ဖြင့်ကြည့်လိုက်သည်။

"ဟား ဟား ဘလက်ဂျက်ကွ"

ရှလေသည် တက်ကြွစွာဖြင့် သူ၏ ဖဲချပ်များကို လှန်ချပြလိုက်သည်။

ဖဲဝေသည့် မိန်းကလေးသည် သူမ၏ ကဒ်ကို ကြည့်လိုက်သည့်အခါ သူမသည် (၂၀)ပေါက် ဖြစ်နေသည်။ သူမ၏ မျက်နှာသည် ယင်ကောင် ပါးစပ်ထဲ ဝင်သွားသလို ဖြစ်နေသည်။

ရှစ်ထောင်သည် နှစ်သောင်းလေးထောင်ဖြစ်လာခဲ့ သည်။ ထိုငွေကို လွယ်ကူစွာ ရလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် သူ့တွင် ထွင်းဖောက်အမြင်မရှိဘဲ ကဒ်များကို ကြိုတင်မမြင်ရပါက ရှလေသည် ရှိသမျှအကုန်ပုံအောတာမျိုး ဘယ်တော့မှ ပြုလုပ်လိမ့်မည်မဟုတ်ပါ။

"ဆရာ… ကျေးဇူးပြု၍ ကြေးတင်ပါ"

ဖဲဝေသည့် မိန်းကလေးက ပြောလိုက်သည်။

ရှလေ၏ အကြည့်သည် ဖဲဝေစက်ဆီသို့ နောက်တစ်ကြိမ်ရောက်သွားပြီး အပေါ်ဆုံးကဒ်ကို ကြည့်လိုက်သည်။ သူရမည့်ကဒ်သည် ခြောက်ထောင့်နှင့် ခုနှစ်ညှင်းဖြစ်ပြီး ဖဲဝေသည့် မိန်းကလေးရမည့် ကဒ်မှာ ကိုးဖူးနှင့် ဒေါင့်ကွင်း၊ ပေါင်း ဆယ့်ကိုးပေါက်မှန်း သူသိလိုက်ရသည်။ သူ ထိုးပါက သူရမည့် ဖဲချပ်မှာ ဖူးကိုးဖြစ်ပြီး သူ ပြုတ်လိမ့်မည်ဖြစ်သည်။

ဤပွဲ ရှုံးမှာ သေချာနေသည်။

ရှလေသည် အသေးဆုံးတိုကင်ဖြစ်သည့် ၅၀၀ ကို ကြေးထပ်လိုက်သည်။

"ဆရာ… ဒီအလှည့် လောင်းကြေးက မနည်းလွန်းဘူးလား"

ဖဲဝေသူက ပြောလိုက်သည်။

"ရှင်က ကံကောင်းပုံရတယ်၊ ပြီးတော့ စောစောစီးစီး ဘလက်ဂျက်ရထားခဲ့တာပဲ၊ ရှင် ဒီတစ်လှည့် ငါးရာပဲလောင်းမှာသေချာလို့လား"

"တော်ပါပြီ ၅၀၀ ပါပဲ၊ ကျေးဇူးပြုပြီး ဖဲစဝေပါ"

ရှလေသည် ခပ်မဆိတ်ပင်။

ဖဲဝေသည့် မိန်းကလေးသည် သူ၏ တံတောင်နှစ်ဖက်ကို ဘလက်ဂျက်ခုံပေါ်သို့တင်လိုက်ပြီး ကိုယ်ကို ရှေ့သို့ ယိမ်းလိုက်သည်။ သူမ၏ ရွှေရင်နှစ်မွှာ မြသည်းညှာချိမ့်ဝှမ်းအမြောင်းနှင့် ဆီးနှင်းလိုဖြူဖွေးနုအိလှသည့် ဘေးဘောင်နှစ်ခုအား လှစ်ဟလိုက်ပြီး ဆွဲမက်စရာကောင်းစွာ ပြုံးလိုက်ကာ

"ဆရာ… ကျွန်မကို ယုံပါ… ရှင်က ကံကောင်းပြီးသားပါ၊ များများထိုးတာက များများနိုင်လိမ့်မယ်လို့ ဆိုလိုတာပဲလေ၊ ရှင့်ရဲ့ ကံကောင်းခြင်းကို အလကား လွှင့်ပစ်သလို ဖြစ်နေမယ်နော်"

ရှလေသည် ဖဲဝေသည့်အမျိုးသမီး၏ ရွှေရင်အစုံကို ကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် သူမ၏ ရွှေရင်အစုံကို ဖုံးကွယ်ခြင်းမရှိဘဲ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ဖောင်းကြွနေသည့် ထုထည်ထိပါ သိမြင်လိုက်သည်။ သူမ၏ ဆိုဒ်အမှန်မှာ များစွာသေးငယ်ပေသည်။ ဖဲဝေသူမ ဟန်မူနွဲ့နွဲ့ဖြင့် သူ့ကို ထိုးကြေးမြှင့်အောင် ဖြားယောင်းနေသည်မှာ ရယ်စရာပင်ကောင်းလှသည်။

ရှလေ ခေါင်းကို ယမ်းခါလိုက်ပြီး

"အတုကြီး ထည့်ထားတာပဲ၊ တကယ်ဆို သေးသေးလေး"

ဖဲဝေသည့် မိန်းကလေး တွန့်ခနဲ တန့်၍သွားပြီး

"ရှင် ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူး… ၅၀၀ ပါပဲ၊ ကျေးဇူးပြုပြီး ဖဲဝေပါ"

ရှလေသည် ခပ်တည်တည်ပင် ပြောလိုက်သည်။

"ငကြောင်"

ဖဲဝေသည့် မိန်းကလေးသည် ရှလေကို တီးတိုးကျိန်ဆဲလိုက်ပြီး ဖဲချပ်များ ဝေလိုက်သည်။

ဤအလှည့်တွင် သူသည် ရည်ရွယ်ချက်ချက်ရှိရှိ ကြေးလျှော့ထိုးကာ ကြေး၅၀၀ကို အရှုံးခံလိုက်သည်။

ဖဲဝေသည့် မိန်းကလေး၏ နှဖူးရေတွန့်နေပြီး ရှလေ၏ ၅၀၀တိုကင်ကို သိမ်းလိုက်သည်။ သူမသည် ဤအလှည့်တွင် အနိုင်ရသော်လည်း လုံးဝမပျော်နိုင်ပေ။

တတိယပွဲတွင် ရှလေသည် ရုတ်တရက် သူ၏ တိုကင်အားလုံးကို ပုံအောပြီး ကြေးတင်သည့်ဘောက်ဆီ တွန်းထိုးလိုက်သည်။

ထိုပွဲတွင် သူသည် (၂၀)ပေါက်ရပြီး ဖဲဝေသူမိန်းကလေးက (၁၉)ပေါက်သာ ရခဲ့သည်။ သူနောက်တစ်ချီ နှစ်ဆတိုး နိုင်လိုက်ပြန်သည်။

အနက်ရောင် ပွဲတက်ဝတ်စုံနှင့် အမျိုးသမီးသည် ထွက်မသွားသေးဘဲ ရှလေကို ထူးထူးဆန်းဆန်းစိုက်ကြည့်နေသည်။

ဤသို့ဖြင့် ဆယ်မိနစ်ခန့်ကြာပြီးနောက် ရှလေသည် ဆယ့်တစ်ကြိမ် ထိုးခဲ့ပြီး ခြောက်ကြိမ်ရှုံးကာ ငါးကြိမ်အနိုင်ရခဲ့သည်။ သူ့ရှေ့တွင် တိုကင်စုစုပေါင်း နှစ်သိန်းတစ်သောင်းဖိုးထိ ရှိလာခဲ့သည်။

သူ ရှုံးနိမ့်သည့် အခါတိုင်း ၅၀၀ သာဖြစ်ပြီး၊ အနိုင်ရသည့် အလှည့်တိုင်းတွင် အားလုံးပုံအောခဲ့တာချည်းပင်ဖြစ်သည်။

ရှလေ၏ ရှေ့က တိုကင်ပုံကြီးသည် ဖဲဝေသည့် မိန်းကလေးအား ချွေးစေးပြန်သွားစေခဲ့သည်။ သူမ အံ့ဩ ထိတ်လန့်မိခြင်းသည် တိုကင် နှစ်သိန်း ရှုံးနိမ့်ခြင်းကြောင့် မဟုတ်ဘဲ လူငယ်၏ ထူးခြားနေမှုကြောင့်ပင်ဖြစ်သည်။ သူမသည် အနိုင်ရလိုက်တိုင်း ၅၀၀ သာစားရသော်လည်း လူငယ်သည် အမြဲတမ်း ထောင်ချီ သောင်းချီ အနိုင်ရခဲ့သည်။

ဒါ… ဘယ်လို ဖြစ်နိုင်မှာလဲ….

ဖဲဝေသည့် မိန်းကလေးသည် ပိုပြီး ဖဲဝေစွမ်းရည်ရှိသည့်သူကို ခေါ်ရန် ခလုတ်နှိပ်မည်အပြုတွင် ရှလေသည် မတ်တပ်ထရပ်လိုက်ပြီး

"ကျွန်တော် ဒီနေ့ ကံ တအားကြီး မကောင်းသေးဘူးပဲ၊ အဲဒါထားလိုက်ပါတော့.. ကျွန်တော် ဆက်မကစားတော့ပါဘူး"

ဖဲဝေသည့် မိန်းကလေးသည် ရှလေကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ၏ စကားသည် သူမ၏ မာနကို ထိပါးသရော်သလို ဖြစ်နေသည်။

ရှလေသည် ငွေထပ်နိုင်ချင်သေးသော်လည်း သူ၏ မျက်လုံးကို ဆယ်မိနစ်ကြာ အသုံးပြုပြီးဖြစ်သည့်အတွက် အားအင်ကုန်ခမ်းလုနီး ဖြစ်သည့်အတွက် သူ၏စွမ်းရည်ကို ထပ်အသုံးချဖို့ မဖြစ်နိုင်တော့ပေ။ သူ ရပ်တန့်လိုက်ရသည့် အခြားအကြောင်းရင်းတစ်ခုမှာ သူသည် ငွေကို လွယ့်လင့်တကူ ရနိုင်မှန်းသိသော်လည်း အလွန်းအမင်းလောဘမကြီးလိုသောကြောင့်ပင် ဖြစ်သည်။ သူ နှစ်သိန်းနိုင်သည်ကို ကာစီနိုရုံအတွင်း ဘယ်သူမှ ဂရုမစိုက်ကြသော်လည်း သန်းပေါင်းများစွာ သိုမဟုတ် ဆယ်သန်းခန့် အနိုင်ရခဲ့မည်ဆိုပါက အခြားလူများသည် သူ့အား ကောင်းကောင်းကြီး သတိထားမိသွားလိမ့်မည် ဖြစ်သည်။

နှစ်သိန်းသည် ရှရွှယ်၏ ကျောင်းစရိတ်အတွက် လုံလောက်ပြီဖြစ်ပြီး ထိုအတွေးကပင် ရှလေအား ပျော်ရွှင်သွားစေခဲ့သည်။

သူသည် တိုကင်ပြားများကို ငွေသားအဖြစ်ပြောင်းလဲလိုက်ပြီးနောက် ချက်ချင်းပင် ငွေကဒ်နှစ်ခုထဲသို့ ထည့်လိုက်သည်။ တစ်ကဒ်တွင် တစ်သိန်းရှစ်သောင်းထည့်လိုက်ပြီး နောက်တစ်ကဒ်တွင် သုံးသောင်းထည့်လိုက်သည်။

ရှလေသည် လီဆုဘန်ဟိုတယ် ကာစီနိုရုံမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ပင်လယ်လေပြေအေးက သူ၏ လည်တိုင်ကို ကျီစယ်တိုးဝှေ့သွားပြီး ခေါင်းတစ်ခုလုံးအား ကြည်လင်လန်းဆန်းသွားစေသည်။ စောနက နောက်ဆုံးပွဲကစားခဲ့စဉ်အတွင်း ဖဲဝေသည့် မိန်းကလေးကို ကြည့်နေစဉ် သူ၏ဘယ်ဘက်မျက်လုံးသည် ထင်ယောင်ထင်မှားတွေ မြင်ယောင်လာခဲ့သည်။ သူမသည် အစက ဖဲချပ်များကို ဝေနေသော်လည်း တုန်ခါနေသည့် ဥတစ်လုံးနှင့် တုန်ခါနေသည့် ပန်းရောင်ဥတစ်လုံးကိုသာ သူ မြင်ယောင်နေခဲ့သည်။

ကံကောင်းစွာပင် ထိုထင်ယောင်ထင်မှားများသည် ကြာရှည်မခံဘဲ လျှင်မြန်စွာပင် ပျောက်ရှသွားခဲ့သည်။

ရှလေသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဟိုင်ကျူးမြို့ကိုပြန်ရန် ဆိပ်ကမ်းတွင် အငှားရေယာဉ်ကို စောင့်ကြည့်နေသည်။ အမျိုးသမီးတစ်ယောက်သည် လမ်းဘေးတွင်ရပ်နေပြီး သူမသည်လည်း ကမ်းကို ဖြတ်ကူးရန် စောင့်ဆိုင်းနေပုံရသည်။ သူမသည် အရပ်ရှည်ပြီး သူမ၏ ဒေါက်မြင့်ဖိနပ်ကြောင့် ရှလေနီးနီးထိအောင် ထောင်မောင်းသည်။ သူမသည် အရပ်ရှည်သည်ဆိုသော်လည်း ကလန်ကလားကြီး ဖြစ်မနေဘဲ အချိုးအဆစ်ကျနပြီး လှပပြေပျစ်သောကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။

ရှလေသည် သူမကို သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုအမျိုးသမီးသည် စောနက သူနှင့် ဖဲဝေသည့် မိန်းကလေးတို့ လောင်းကစားနေသည်ကို ကြည့်နေသော အမျိးသမီးမှန်း ရုတ်တရက် သိလိုက်ရသည်။

'သူက နှစ်သိန်းအနိုင်ရတာကို မြင်ထားတာပဲ.. သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာများလား.. '

ရှလေ၏ စိတ်ထဲ ထိုအတွေးက ဖြတ်ခနဲ ဝင်လာသည်။ သို့သော်လည်း သူသည် သူမ၏ ပခုံးပေါ်က လူးဝစ်ဗစ်ထန်အိတ်ကို မြင်သွားသည့် အခါတွင် စောစောက သူ၏ ထင်မြင်မှုများ ပျောက်ရှသွားသည်။ သူမ၏ အိတ်တစ်လုံးတည်းကပင် သောင်းကျော်တန်နေသည်။ အဘယ်ကြောင့် ဤနှစ်သိန်းလောက်ကို သူမ မကောင်းကြံဖို့ စဉ်းစားပါမည်နည်း။

ထိုအမျိုးသမီးသည် ရှလေကို ဘာမှလည်းမပြော ကြည့်လည်းမကြည့်ပေ။

'အေးတိအေးစက်နဲ့ မာနကလည်းကြီး လိုက်တာ၊ ဘယ်လို ယောက်ျားမျိုးကမှာ သူ့နား နေနိုင်လောက်မှာ မဟုတ်ဘူး'

ရှလေတစ်ယောက်တည်း တွေးတောနေသည်။

ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ရှလေ၏ အကြည့်သည် ရုတ်တရက် လမ်းမတစ်ဖက်က အထပ်မြင့်တိုက်၏အမိုးထိပ် မှောင်ပိန်းနေသည့် နေရာသို့ ရောက်သွားသည်။

အဆောက်အဦးထိပ်တွင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် လူတစ်ယောက်သည် ဝမ်းလျားမှောက်လျက် စနိုက်ပါတစ်လက်ကို သူ၏ ရှေ့၌ အတန်းလိုက်ချထားသည်။ သူသည် ရှလေ၏ ဘေးက အနက်ရောင်ညနေခင်းပွဲတက်ဝတ်စုံနှင့် အမျိုးသမီးကို ချိန်ရွယ်နေခြင်းပင် ဖြစ်သည်။

"သတိထား"

ရှလေသည် အမျိုးသမီး၏ခါးကို ကိုင်ကာ မြေပေါ်သို့ လှဲချလိုက်သည်။

ကျည်ဆန်သည် အမျိုးသမီး ရပ်နေသည့် နေရာက မြေကြီးကို ထိမှန်သွားပြီး သဲမှုန်များ နေရာအနှံ့သို့ ဖွာထွက်သွားသည်။