webnovel

အပိုင်း(၂၂) ခွေးကလေး ထွင်ထျန်းဟာက မူမမှန်ဘူး

Warning: This is n't my own novel, I just translationto Myanmar language.

"ခွေးတစ်ကောင်ပါလား"

ထိုခွေးကလေးက အစိမ်းရောင် အမွေးနှင့် ထူးဆန်းသော ခွေးတစ်ကောင် ဖြစ်၏။

ရှကျန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အရှေ့က ခွေးမျိုးစိတ်ကို မှတ်မိသွားသည်။

သူ့ရှေ့မှ အမွေးပွခွေးမှာ ဝိညာဥ်အာရုံ ရနေသဖြင့်ရှဖန်းကထူးဆန်းသော ခံစားချက်ကို ရရှိနေသည်။

အမွေးပွခွေးက သာမန် ဝိညာဉ်ခွေးနှင့် မတူညီပေ။

ဤခွေးက မျိုးကောင်းမျိုးသန့် မဖြစ်နိုင်ဟု ရှကျန်း ချက်ချင်း ယူဆလိုက်၏။

ခွေးမှာ အစိမ်းရောင် အမွေးများ ရှိနေ၍ သာမန်ခွေးတော့ မဖြစ်တန်ရာ။

သူ့အရှေ့က ခွေးကို ငေးစိုက်ကြည့်လိုက်ပြီး ရှကျန်းက သူ့ဆံမြိတ်ကို ဘေးဘက်သို့ ခါထုတ်လိုက်သည်။

ရှကျန်းက လုပ်ကြံသူ ညီနောင်သုံးဦးတွင် အငယ်ဆုံး ဖြစ်ပြီး နိုင်ငံတကာ လုပ်ကြံသူ စာရင်းတွင် အဆင့် ၁၇ ဖြစ်သောကြောင့် ထူးဆန်းသော ခွေးတစ်ကောင်အတွက်ဖြင့် စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ပေ။

ဤခွေးက ထူးဆန်းသော ခွေးအဆင့်မျှလောက်သာ ဖြစ်နိုင်ပေသည်။

မည်မျှ သန်မာနိုင်မည်နည်း။

သူ အနည်းငယ် ခြိမ်းခြောက်လိုက်ရုံဖြင့် ခွေးက ကြောက်လန့်၍ အမြီးတန်းကာ ထွက်ပြေးသွားနိုင်လောက်၏။

ရှကျန်းက ဝိညာဉ်ဖိအားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားက ခွေးကလေး ထွင်ထျန်းဟာကို တိုက်ခိုက်ရန် ကောင်းကင်ယံမှ သက်ဆင်းလာသည်။

ယင်းအချိန်မှာပင် ရှကျန်းက သူမမျှော်လင့်ထားသော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်။

ပုံမှန် အခြေအနေ ဆိုလျှင် သူ့စွမ်းအားက အသက်ရှင်နေသော ဝက်ကိုပင် ဝက်သားလွှာ အသွင်သို့ ပြောင်းလဲပေးနိုင်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ စွမ်းအားက ခွေးအပေါ် သက်ရောက်မှု လုံးဝ ရှိမနေခဲ့ချေ။

ထိုထက် အံ့သြဖို့ကောင်းသည်မှာ ခွေးက ကြောက်လန့်ရမည့်အစား သူ့ကို ပြန်လည် မာန်ဖီနေခြင်းပင်။

ခွေးကလေး ထွင်ထျန်းဟာက သူ့စွမ်းအားဖြင့် တန်ပြန် တိုက်ခိုက်လိုက်ရာ ရှကျန်းက လျင်မြန်စွာ တုံ့ပြန်လိုက်၏။

ဥယျာဉ်ထဲ အစိမ်းရောင်ခွေး ရောက်နေခြင်းက တိုက်ဆိုင်ခြင်း မဖြစ်နိုင်ပေ။

ဥယျာဉ်ကို စောင့်ကြည့်ရန်အတွက် အစောင့်ခွေး အနေဖြင့် ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

၆၀ အထက်တန်းကျောင်းက ဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ရန် ထူးဆန်းသော ခွေးဝိညာဉ်ကို ထားခဲ့လေသလော။

ယင်းသို့သာဆိုလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို အထင်သေးလွန်းသည်ဟု ရှကျန်း ခံစားမိသည်။

သာမန် အထက်တန်းကျောင်းလေးက ကမ္ဘာထိပ်တန်း လုပ်ကြံသူ အဖွဲ့အစည်း၏ စိန်ခေါ်မှုကို ရိုးစင်းသော နည်းလမ်း ဖြစ်သည့် ခွေးကို အစောင့်အဖြစ် ချထားသော နည်းလမ်းဖြင့် တုံ့ပြန်နေပါသလော။

"ကောင်းပြီလေ"

မထင်မှတ်ဘဲ ခွေးနှင့် ရင်ဆိုင်နေရ၍ ရှကျန်း လေးပင်စွာ သက်ပြင်းချလိုက်မိသည်။

ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ တစ်ယောက် အနေဖြင့် သူတို့ လုပ်ကြံသူ အဖွဲ့အစည်းကို အထင်သေးသူများအား တန်ရာတန်ကြေး ပြန်လည် ပေးဆပ်ခိုင်းရပေမည်။

နောက်ထပ် တစ်စက္ကန့်အတွင်းမှာပင် အလင်းတန်းတစ်ခုက လေထဲတွင် လင်းလက်လာသည်။

ယင်းက ဓားပျံတစ်လက် ဖြစ်သည်။

သာမန်လူ အတွက်မူ ဤဓားပျံ၏ အမြန်နှုန်းက အလင်းကဲ့သို့ လျင်မြန်နေပေလိမ့်မည်။

သို့သော် ထွင်ထျန်းဟာ၏ အမြင်တွင်မူ ဓားပျံ၏ အရှိန်အဟုန်က နှေးကွေးလွန်းနေသည်။

သူ ခွေးဘဝ မရောက်ခင်က ကမ္ဘာခြားဂိတ်မှ ယင်ကောင်များသည်ပင် ဤဓားပျံထက် ပို၍ မြန်ဆန်နေ၏။

သူက လက်ရှိအချိန်တွင် ခွေးဝိညာဉ်ဘဝ ရောက်နေသော်လည်း ပြီးပြည့်စုံပြီး အမြင်ကျယ်သော ဖားပြုပ် ဘုရင်ကြီး ဖြစ်သည်။

ဤလူက သူ့လိုပုဂ္ဂိုလ်ကို သာမန် ဓားပျံလေး တစ်လက်ဖြင့် သတ်ချင်နေပါသလော။

ဤလုပ်ရပ်က ကလေးဆန်လွန်းသည်ဟု သူတွေးလိုက်၏။

ထွင်ထျန်းဟာက ခေါင်းအနည်းငယ် စောင်းငဲ့လိုက်ရာ ဓားပျံက သူ့နောက်ရှိ ကျောက်တုံးတွင် ကျောက်စာတိုင်ကဲ့သို့ ထိုးစိုက်သွားသည်။

ထူးဆန်းသော ခွေးဝိညာဉ်က သူ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်နိုင်လိမ့်မည်ဟု ရှကျန်း မမျှော်လင့်ခဲ့ပေ။

ယင်းသို့ အံ့အားသင့်သော ခံစားချက် ဖြစ်ပေါ်နေစဥ် ထွင်ထျန်းဟာက ရှကျန်းကို စတင် တိုက်ခိုက်လိုက်တော့သည်။

သူက လျှပ်စီး ကဲ့သို့ လျင်မြန်သော နှုန်းဖြင့် ရှကျန်းကို အလျင်အမြန် ခုန်အုပ်လိုက်၏။

ခွေး၏ လှုပ်ရှားမှုက မြန်ဆန်လွန်း၍ ပုံရိပ်ပင် ဝေဝါးသွားသည်။

"သေစမ်း"

ရှဖန်းက ဓားပျံတစ်လက်ကို အလျင်အမြန် ပစ်လွှတ်လိုက်ပြီး သူ့ကို ခုန်အုပ်ရန် ကြိုးစားလာသော အစိမ်းရောင်ခွေးကို သတ်ဖြတ်ရန် ကြိုးစားလိုက်၏။

"ဂျွတ်"

ထိုအချိန်မှာပင် ကျိုးပဲ့သံကို ကြားလိုက်ရသည်။

ခွေးက သူ့ဓားပျံကို စိစိညှက်ညှက် ကြေမွအောင် ကိုက်ဖြတ်လိုက်ခြင်း ဖြစ်၏။

ထိုမြင်ကွင်းကို ရှကျန်းက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

"ပြဿနာပဲ.. ဒီခွေးရဲ့ သွားတွေက အစွမ်းထက်လှချည်လား.. ငါတို့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက လေ့ကျင့်ပေးထားတဲ့ ခွေးရဲ့ သွားထက်တောင် အဆ တစ်သောင်းလောက် ပိုချွန်ထက်နေသေးတယ်.. သူရဲ့ သွားတွေက တိုက်တေနီယမ် ဒြပ်စင်နဲ့ တည်ဆောက်ထားသလားပဲ"

ထိုအခိုက်အတန့်တွင် ရှကျန်း၏ မျက်နှာက မည်းမှောင်သွားသည်။

သူက ရင်ဆိုင်ရ ခက်ခဲသည့် ထူးဆန်းသော ခွေးတစ်ကောင်နှင့် တိုက်ခိုက်နေရသည်။

ယခင်က ခက်ခဲသော တာဝန်များကို သူထမ်းဆောင်ဖူးသော်လည်း သူ့ဘဝ၏ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်မှာ ခွေးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ခွေး၏ ခွန်အားကို မှန်းဆကြည့်ရင်း ရှကျန်း နောက်တစ်ကြိမ် တုန်လှုပ်သွားမိသည်။

"ဒီကျောင်းရဲ့ အစောင့်ခွေးက ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို ရောက်နေတာများလား"

ဤစကားလုံးကို သူက တိတ်တဆိတ် ပြောခဲ့သော်လည်း ထွင်ထျန်းဟာက အသေးစိတ် ကြားနေရသည်။

"ဒီကောင်ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းက ဘယ်ဆိုးလို့ပဲ.. ဒီကောင်လည်း အရူးပဲ.. ငါ့လို သတ္တိရှိတဲ့ ခွေးချောကြီးက သေးနုပ်တဲ့ ဥယျာဉ်ရဲ့ ရှုခင်းတွေကို ရှုစားရင်း အချိန်ကုန် မခံနိုင်ဘူး.. ဒီလိုဘဝနဲ့ နေရတာက ငါ့သည်းခံနိုင်စွမ်းကို ယုတ်လျော့စေတယ်.. ဒီကောင်ကြည့်ရတာ အသက်ရှင်ရတာကို ပင်ပန်းနေပုံပဲ.. ဒီလိုဆိုမှတော့လည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

"ချင်းလွီ ထွက်လာခဲ့စမ်း"

ဤခွေးက ရင်ဆိုင်ရ မလွယ်ကူမှန်း သဘောပေါက်လိုက်၍ ရှကျန်း အော်ခေါ်လိုက်သည်။

သူ့လက်ထဲတွင် တောက်ပသော အလင်းတန်းက ချက်ချင်း ဖြာလဲ့လာ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် နီမြန်းသော အရောင်အဆင်း ရှိသည့် ဓားဝိညာဉ် ပေါ်ထွက်လာသည်။

ထွင်ထျန်းဟာက ဤကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာပြီဖြစ်၍ တစ်ချက် ကြည့်လိုက်ရုံဖြင့် အင်မော်တယ် ဓားအမျိုးအစားမှန်း အတပ် သိလိုက်သည်။

ယင်းက ပထမတန်းစား ဝိညာဉ်ဓားတစ်လက်ဖြစ်ပြီး ရွေအမြုတေအဆင့် ကျင့်ကြံသူများသာ ကိုင်ဆောင်နိုင်သည်။

သို့ဆိုလျှင် ချင်းလွီ အမည်ရှိသူမှာ ဤဓား၏ ဓားဝိညာဉ် ဖြစ်နိုင်လောက်၏။

ပထမတန်းစား ဝိညာဉ်ဓားက မည်မျှအထိ အစွမ်းထက်နိုင်ပါသနည်း။

ထိုဓားတွင် ရွှေအမြုတေအဆင့် ကျွမ်းကျင်ပညာရှင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သော စွမ်းအား လုံလုံလောက်လောက် ရှိနေသည်။

ထို့အပြင် ရွှေအမြုတေရှိသည့် အခြေခံ နေရာကိုပင် အကောင်းပကတိ ပြန်မဖြစ်နိုင်တော့သည် အထိ ဖျက်ဆီးပစ်နိုင်၏။

ထွင်ထျန်းဟာတွင်သာ မူလခန္ဓာကိုယ် ရှိနေလျှင် ဝိညာဉ်ဓား မဆိုထားနှင့် အင်မော်တယ် ကောင်းကင် လက်နက်များပင် သူ့ကို ဒဏ်ရာ ရအောင် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

သို့သော် လက်ရှိ ခွေးခန္ဓာကိုယ်ကမူ ဒဏ်ရာများကို ပြန်လည်ကုစားနိုင်သော အစွမ်းကင်းမဲ့နေ၍ သာမန်ဓားကပင် သူ့အသားကို လှီးဖျက်နိုင်ပေသည်။

"ချင်းလွီ သူ့ကို သွားသတ်စမ်း"

ရှကျန်း၏ အမိန့်ပေးသံကြောင့် ဓားမှ ဝိညာဉ်အလင်းတန်း ပေါ်လာခြင်းကို ထွင်ထျန်းဟာ ချက်ချင်းပင် မြင်လိုက်ရ၏။

တခဏအတွင်းမှာပင် လေထုထဲ၌ ခပ်ရေးရေး ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။

ထိုပုံရိပ်မှာ ၁၀နှစ်အရွယ်အောက် ကောင်လေး၏ ပုံရိပ် ဖြစ်သည်။

ထိုကောင်လေးက ဓားဝိညာဉ်ဆိုလည်း မမှားပေ။

ဓားဝိညာဉ် ကောင်လေးက သူ့လက်ချောင်းလေးများကို မြှောက်၍ ထွင်ထျန်းဟာကို တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်။

တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။

မရေတွက်နိုင်အောင် များပြားသော ဓားပျံများက ဓားဝိညာဉ် ကောင်လေးဆီမှ ထွက်ပေါ်လာသည်။

"အရူးခွေး ကြောက်နေပြီမလား"

"ဒူးထောက် အညံ့ခံချင်နေပြီမလား"

ထူးဆန်းသောခွေး၏ သေဆုံးခြင်းကို ရှကျန်း စိတ်ကူးယဉ်နေမိသည်။

ဝိညာဉ်စွမ်းအား အနည်းငယ် ပိုင်ဆိုင်ထားသည့် ထူးဆန်းသောခွေးက ကိုယ့်အဆင့် ကိုယ်မသိဘဲ သူ၏ ဓားဝိညာဉ်ကို စိန်ခေါ်ချင်နေသေးသည်။

"အိပ်မက်သာ ဆက်မက်နေလိုက်"

ရှကျန်းကသာ စိတ်ကူးယဥ်နေသော်လည်း ထွင်ထျန်းဟာကမူ အလွန်တရာ စိတ်ပျက်နေမိသည်။

မကောင်းဆိုးဝါးဘုရင်ကြီး အနေဖြင့် ဤလောကကြီးတွင် သူမမြင်ဖူးသော ဝိညာဥ်လက်နက် မရှိချေ။

"သေးနုပ်တဲ့ ဓားဝိညာဉ်ကို အသုံးချပြီး ငါ့လို အဆင့်ငါးမကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူးသူကို တိုက်ခိုက်ချင်နေတာလား"

"မင်းတို့က တကယ်ကို အတွေ့အကြုံ နုနယ်လွန်းတယ်"

ထွင်ထျန်းဟာက ခေါင်းကို ၄၅ဒီဂရီ စောင်းငဲ့လိုက်ပြီး ဓားဝိညာဉ်ကို ကြည့်လိုက်သည်။

ထို့နောက် မာန်ဖီ၍ ပြင်းထန်စွာ ဟောင်လိုက်သည်။

"ဝုတ်ဝုတ်"

ရှကျန်းအတွက် ခွေးဟောင်သံက သာမန်မျှသာ ဖြစ်သော်လည်း ဓားဝိညာဉ်၏ နားထဲတွင်မူ လုံးဝ ခြားနား၏။

လက်နက်ဝိညာဉ်၏ အာရုံငါးပါးက သာမန်ကျင့်ကြံသူထက် ပို၍ အစွမ်းထက်သည်။

ခွေးဟောင်သံတွင် မကောင်းဆိုးဝါး ဘုရင်၏ စွမ်းအားများ ရောယှက်နေ၍ ဓားဝိညာဉ်က ခွေး၏ ပုံစံအမှန်ကို တွေ့မြင်သွားသည်။

သူက အဆင့်ငါး မကောင်းဆိုးဝါး ဘုရင်ကြီး၏ ပုံရိပ်ကို မြင်တွေ့သွားခြင်း ဆိုလည်းမမှားပေ။

ဤ ပုံရိပ်ကြီးကြောင့် ဓားဝိညာဉ် ဇောချွေးပြန်လာ၏။

သူက မကောင်းဆိုးဝါး ဘုရင်ကြီး၏ တုန်လှုပ်ဖွယ် ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည် မဟုတ်ပါလား။

ချင်းလွီက ချက်ချင်းပင် လက်ခါရမ်း၍ မချိပြုံး ပြုံးပြလိုက်သည်။

"နောက်မှ တွေ့ကြတာပေါ့"

စကားဆုံးသည်နှင့် ဓားဝိညာဉ်က ဓားထဲသို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။

သူက မကောင်းဆိုးဝါး ဘုရင်ကြီးကို စိန်ခေါ်နိုင်သော အရည်အချင်း မရှိ၍ တပ်ဆုတ်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ဓားဝိညာဉ်မရှိတော့၍ ဓား၏ အလင်းတန်းက ပြန်လည် မှေးမှိန်သွားသည်။

ရှဖန်းအတွက်မူ ဤမြင်ကွင်းက အရှက်ရဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

ရှကျန်း"......"

ခွေးက ပုံမှန်မဟုတ်မှန်း ရှကျန်း သဘောပေါက်လိုက်သည်။

ဤခွေးက သူ့ကို သားကောင်ကဲ့သို့ စိုက်ကြည့်နေသည်ဟု ရှကျန်း ခံစားမိနေသည်။

အခြေအနေ မဟန်မှန်း ရိပ်စားမိ၍ သူက လှည့်ပြေးရန် ကြိုးစားလိုက်သည်။

"အော် မင်းက ပြေးချင်သေးတာလား.. ဘယ်နေရာကို ပြေးချင်တာလဲ"

ထွင်ထျန်းဟာက ခနဲ့လိုက်သည်။

သူ့ထံတွင် ဤလူကို အလွှတ်ပေးမည့် အစီအစဥ် လုံးဝမရှိပေ။

ထွင်ထျန်းဟာက တိုက်ပွဲစတင်ရန် သူ့စွမ်းအားများကို စုစည်းလိုက်သည်။

ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ပြီးနောက်တွင် မိုးပြာရောင် အရှိန်အဝါကြီးက ထွက်ပေါ်လာတော့သည်။

"အခြေအနေ မဟန်ဘူးပဲ"

ရှကျန်းက အန္တရာယ် အငွေ့အသက်ကို ခံစားမိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

ခဏအကြာတွင် ကြီးမားသော ဖိအားတစ်ခုက ကောင်းကင်ယံကနေ ရုတ်တရက် ကျဆင်းလာပြီး ရှဖန်းကို မတ်တတ်ရပ်နေသော နေရာမှာပင် အေးခဲသွားစေခဲ့သည်။

ထို့နောက် လေထဲတွင် ဧရာမပုံရိပ်ကြီး ပေါ်ပေါက်လာပြီး နေမင်း၏ အလင်းရောင်ကို ပိတ်ဆို့ထားလိုက်သည်။

ဤဧရာမ ပုံရိပ်ကြီးနှင့် ရင်းနှီးနေသည်ဟု ရှဖန်း ခံစားမိလိုက်သည်။

သူက ဦးနှောက်ကို ရုတ်တရက် အလုပ်ပေးလိုက်သည်။

ယင်းအချိန်မှာပင် မကောင်းဆိုးဝါးဘုရင်၏ စွမ်းအားကို သူ ခံစားမိလိုက်သည်။

ဤမကောင်းဆိုးဝါး ဘုရင်၏ စွမ်းအားက ဝိညာဉ်များကို ဝါးမျိုခြင်း ဖြစ်၏။

မကောင်းဆိုးဝါး ဘုရင်ကြီးက သူ့လျှာအရှည်ကြီးကို ထုတ်လိုက်ပြီး ရှကျန်း၏ ဝိညာဉ်ကို အငမ်းမရ ဝါးမျိုလိုက်သည်။

သူ့ဝိညာဉ် ဝါးမျိုခံရ၍ ရှကျန်း၏ နှလုံးသားထဲတွင် စိတ်ပျက်သော ခံစားချက်များ ပြည့်နှက်နေသည်။

မကောင်းဆိုးဝါး ဘုရင်တစ်ပါးက ခွေးဖြစ်နေရသည့် အကြောင်းအရင်းကို ပြောပြမည့်သူ ရှိပါသလော။

အရာအားလုံးက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ရှကျန်းက ရုပ်ပျက်ဆင်းပျက် သေဆုံးသွားပြီးနောက် ထွင်ထျန်းဟာက သူ့ဝိညာဉ်ကို ခိုးယူသွားခဲ့သည်။

တိမ်တိုက်များ လွင့်မျောသွားပြီးနောက် ပုံရိပ်ကြီးလည်း ပျောက်ကွယ်သွားသည်။

ဥယျာဉ်ထဲတွင် နေရောင်ခြည်က ပုံမှန်အတိုင်း ပြန်လည်တောက်ပလာသည်။

ထွင်ထျန်းဟာက နေရာကောင်း ထပ်ရှာပြီး ဆက်လက် အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

အပိုင်း(၂၂) ပြီး၏။