Warning: This is n't my own novel, I just translationto Myanmar language.
ထို့နောက် အသံကို ထပ်မံ ကြားရပြန်သည်။
ဤသည်က အဓိက ပြဿနာတစ်ရပ် မဟုတ်ပေ။
တကယ့်ပြဿနာမှာ ဤနေရာတွင် လူငယ်လေး မည်သည့်အချိန်တည်းက ရှိနေခဲ့လည်း ဆိုသည့် အချက် ဖြစ်သည်။
သူက ရွှေအမြုအတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ဘေးနား ရောက်ရှိနေသော အခြေတည်အဆင့် ကျင့်ကြံသူ ကျောင်းသားလေး၏ အော်ရာကိုပင် မခံစားမိခဲ့ပေ။
ယင်းဖြစ်ရပ်က အဓိပ္ပါယ်မဲ့သော ဖြစ်ရပ်ဟု လုပ်ကြံသူခေါင်းဆောင် ရှယင်း ခံစားမိသည်။
"ဒီနေရာကို မင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
အနက်ရောင် မျက်နှာဖုံး နောက်ကွယ်တွင် ချွေးစေးများ ကျဆင်းနေသည့် ရှယင်းက မေးခွန်းထုတ်လိုက်သည်။
ဝမ်လင်းက ခေါင်းမိုးထပ် အဆောက်အဦးမှ ခုန်ဆင်းလိုက်ပြီး ဘောင်းဘီမှ ဖုန်မှုန်များကို ခါကာ ရှယင်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒီနေ့ လေပြင်းတိုက်တာပဲ"
ဝမ်လင်း၏ အသံက မှော်စွမ်းအား အသုံးပြုထားသကဲ့သို့ ရှယင်း၏ စိတ်ထဲကို ပဲ့တင်လာသည်။
အခြေတည် အဆင့် အထက်တန်း ကျောင်းသားလေးက သူ့ကို စိတ်ဖြင့် ဆက်သွယ်နိုင်သည်မှာ အံ့သြစရာ ကောင်းလှသည်။
ရှယင်း"....."
ဤလူငယ်လေးကို သူမသတ်ခင် သူ့အကြောင်းကို စုံစမ်းကြည့်ရပေမည်။
ရှယင်းက မျက်စိအနည်းငယ် မှေးကျဉ်းကာ ဝမ်လင်းကို ကြည့်လိုက်ပြီး စေ့စပ်စွာ အကဲခတ်လိုက်၏။
စိုးရိမ်ကြောင့်ကြလာသောအခါ လူသားများသည် ဟော်မုန်းအထွက်နှုန်း မြန်ဆန်လာသည်။
ထို့အတူ ကျင့်ကြံသူများသည် သူတို့၏ ပြိုင်ဘက်ကို သတိပေးသည့် အနေဖြင့် စိတ်ဝိညာဉ်ဖိအားများကို ထုတ်လွှတ်လေ့ ရှိသည်။
စိတ်ဝိညာဉ် ဖိအား၏ သက်ရောက်မှုပေါ် မူတည်၍ ပြိုင်ဘက်၏ ခွန်အား အတိုင်းအတာကို လေ့လာနိုင်သည်။
အခြေတည် အဆင့် အထက်တန်း ကျောင်းသားက သူ့ဖိအားကို ခံနိုင်ရည်ရှိရန်မှာ မလွယ်ကူပေ။
ရှယင်းက သူ့ကိုယ်သူ အကြိမ်ကြိမ် နှစ်သိမ့်လိုက်သည်။
သူက စိတ်ဝိညာဉ်ဖိအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး ဝမ်လင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်သည်။
"ကောင်လေး ကြောက်ရွံ့တုန်လှုပ်စမ်း"
"ဒူးထောက် အညံ့ခံစမ်း"
..........
တိတ်ဆိတ်မှုက ကြီးစိုးနေသည်။
"........"
ဝမ်လင်းက သူ့ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
ရှယင်း တုန်လှုပ်သွားမိသည်။
သူက ဝိညာဉ်စွမ်းအားကို အစွမ်းကုန်သုံးပြီး ဆယ်ကျော်သက် လူငယ်လေးကို တိုက်ခိုက်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
သူ သတ်ခဲ့သူများ၏ အရိုးများကို စုပြုံလိုက်လျှင် တောင်တစ်တောင်ခန့် အမြင့် ရှိနိုင်သည်။
သို့ရာတွင် သူ့တစ်သက် ရင်ဆိုင်ရ အခက်ခဲဆုံး ရန်သူမှာ ဤအထက်တန်း ကျောင်းသားလေး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယခုအချိန်တွင် ရှယင်းက ဝမ်လင်းကို အနီးကပ် ငေးစိုက်ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။
လူငယ်က အခြေတည် အဆင့် အထက်တန်း ကျောင်းသားသာ ဖြစ်သော်လည်း သူ့ကို အလွန်အမင်း သောကရောက်စေ၏။
ထိုအခိုက်အတန့်တွင် ရှယင်းက ချက်ချင်းပင် ခွန်အားတိုးမြှင့်လိုက်ပြီး ဝမ်လင်းကို လျှပ်တပြက် တိုက်ခိုက်လိုက်သည်။
အံ့ဩတုန်လှုပ်ဖွယ် ကောင်းသော လေပြင်းများ တိုက်ခိုက်လာ၍ ဝမ်လင်း၏ နက်မှောင်သော ဆံနွယ်များက လေထဲလွင့်နေ၏။
လက်တွေ့တိုက်ပွဲသည် တစ်စုံတစ်ယောက်၏ အရည်အချင်းကို စစ်ဆေးကြည့်ရန် အကောင်းမွန် ဆုံးသော နည်းလမ်း ဖြစ်သည်။
ဤဆယ်ကျော်သက် လူငယ်က စိတ်ဝိညာဉ်ဖိအားကို ခံနိုင်ရည်ရှိသည့် အရည်အချင်းဖြင့် မွေးဖွားလာခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် မဟုတ်ပါလား။
သို့တိုင် ရှယင်း၏ တိုက်ခိုက်မှုက အခြေတည် အဆင့် ကျောင်းသားကို အမှန်တကယ်ပင် ဇီဝိန်ချုပ်စေနိုင်သည်။
ရှယင်း၏ တိုက်ခိုက်ရေး နည်းစနစ်များမှာ ရွှေအမြုတေ တက္ကသိုလ်များတွင်သာ သင်ကြားပေးသော အဆင့်မြှင့် သင်ခန်းစာ ဖြစ်သောကြောင့် အခြေတည် အဆင့် ကျောင်းသားလေး ခုခံရန် မလွယ်ကူလောက်ချေ။
ရှယင်းက ဝမ်လင်းအတွက် စိတ်မကောင်း ဖြစ်နေ၏။
ဤလူငယ်လေးက အခြေတည် အဆင့် ကျောင်းသား ဖြစ်ပြီး မိခင်ကမ္ဘာမြေကြီး၏ အနာဂတ် ကြယ်ပွင့်လေးလည်း ဖြစ်လာနိုင်သည်။
ထိုလူငယ်က ဘဝကို အပြည့်အဝ မပျော်ရွှင်ရသေးသည့် အပြင် လှပသော မြစ်များ နှင့် တောင်များသို့ သွားရောက် မလည်ပတ်ရသေးပေ။
ကျောင်းသားဘဝဖြင့် အလုပ်ရှုပ်နေရ၍ အချစ်ရေးတွင်လည်း မွေ့လျော်ရသေးပုံ မရချေ။
ယခုတော့ ထိုဆယ်ကျော်သက် လူငယ်လေး သေရပေတော့မည်။
"နှုတ်ဆက်ပါတယ်"
ရှယင်းက နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး ဝမ်လင်း၏ ရင်ဘတ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
"......"
ရှယင်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ဝမ်လင်း၏ မျက်နှာအမူအရာက အနည်းငယ်မျှ မပျက်ယွင်းသွားခဲ့ပေ။
အရိုးသားဆုံး ပြောရလျှင် ဝမ်လင်းက စိတ်ဝိညာဉ် အဆင့်ကို မရောက်နိုင်သေးသော ကျင့်ကြံသူ ရှယင်းအတွက် စိတ်မကောင်း ဖြစ်နေမိ၏
ဤလုပ်ကြံသူက ယင်နှင့်ယန် ပေါင်းစပ်ခြင်း အဆင့်ကို ခွဲခွဲခြားခြား မသိခဲ့၍ စိတ်ဝိညာဉ် အဆင့်ကို မရောက်ဘဲ ဝိညာဉ်တည်ဆောက်ခြင်း အဆင့်တွင် ရပ်တန့်နေခြင်း ဖြစ်သည်။
အင်မော်တယ်အဆင့် ဝမ်လင်းကို တိုက်ခိုက်ခြင်းမှာ ရှယင်းအတွက် ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပင်။
"ဘန်း"
ရွှေရောင်ခေါင်လောင်းကြီး ပြိုကျလာသကဲ့သို့ ရှယင်း၏ ထိုးချက်က ဝမ်လင်း၏ ရင်ဘတ်ပေါ်သို့ တန်းတန်း မတ်မတ် ကျရောက်လာသော အခါ ပဲ့တင်သံကြီး ထွက်ပေါ်လာ၏။
စက္ကန့်ပိုင်းအတွင်း ကျောင်းခေါင်မိုး တစ်ခုလုံး တုန်ခါသွားခဲ့သည်။
သို့သော်လည်း ဝမ်လင်းက နေရာမှာပင် ကျောက်ဆောင် ကျောက်ခဲ ကဲ့သို့ မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
ထို့နောက်တွင် "ဝုန်း" ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဤတိုက်ခိုက်မှုကို ဦးဆောင်သော လုပ်ကြံသူ ခေါင်းဆောင်က မိုးကြိုး အပစ်ခံရသလို ခံစားလိုက်ရ၏။
လုပ်ကြံသူ ခေါင်းဆောင် ရှယင်းက ခံတွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။
သူ၏ ဦးခေါင်းရှိ ဒွါရပေါက် ၇ပေါက်မှလည်း သွေးများ ယိုစီးကျလာ၏။
ထို့နောက်တွင် ရှယင်းက ကြမ်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် လဲကျသွားတော့သည်။
သူ့မျက်နှာက ပြင်းထန်သော နာကျင်မှုကြောင့် ရှုံံ့မဲ့နေပြီး အရိုးတွေ အားလုံးက စိစိညက်ညက် ကြေမွသွားခဲ့သည်။
အဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။
မှော်လက်နက်များဖြင့် တိုက်ခိုက်ခံရသကဲ့သို့ ရှယင်းက ခံစားလိုက်ရသည်။
သူ၏ လုပ်ရပ်က ကျောက်တုံးကို ကြက်ဥဖြင့် ပစ်ပေါက် သလို ဖြစ်နေသည်။
အကျိုးဆက်အနေဖြင့် သူ့လက်သီးဆုပ်မှ အရိုးများက တစ်ချောင်းချင်း ကျိုးပဲ့သွားခဲ့သည်။
သာမန် အထက်တန်း ကျောင်းသားက သန်မာလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်မှာ ရှယင်း အတွက် တကယ်ကို စိတ်ပျက်စရာပင်။
ဤသည်ကား လုပ်ကြံသူ ခေါင်းဆောင် ရှယင်း အသက်မထွက်ခင် နောက်ဆုံး တွေးခဲ့သော အတွေးစသာ ဖြစ်၏။
........
အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ အနီရောင်ဖဲပြား လုပ်ကြံသူများသည် သတ်ဖြတ်မှု ကျူးလွန်သော နယ်ပယ်အားလုံးတွင် အလွန်အမင်း ကျော်ကြားသည်။
ကြေးစား လောကထဲတွင် အကျော်ကြားဆုံး လူငယ် သုံးဦး ရှိသည်။
ထိုလူငယ်သုံးဦးမှာ အကြီးဆုံး သခင်လေး ရှယင်း၊ ဒုတိယသခင်လေး ရှဖန်း နှင့် တတိယသခင်လေး ရှကျန်း ဖြစ်၏။
လွန်ခဲ့သော နှစ်ပိုင်းခန့်တွင် ဤညီအစ်ကို သုံးယောက်က သတ်ဖြတ်မှု နယ်ပယ်ကို ကြီးစိုးခဲ့ပြီး တစ်လောကလုံးကို ကိုင်လှုပ်နိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင် အနက်ရောင် လောကတွင် သူတို့ကို မသိသူ မရှိပေ။
ယင်းသို့ ဒိတ်ဒိတ်ကြဲ ကျော်ကြားသော အကြီးဆုံး သခင်လေးရှယင်းက တာဝန်ကို မထမ်းဆောင်ရသေးခင် သေဆုံးသွားလိမ့်မည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
.......
ယခုက အမှတ်၆၀ အထက်တန်းကျောင်း၏ နေ့လည်ခင်း ကျောင်းဆင်းချိန် ဖြစ်သည်။
ပုံမှန်အားဖြင့် အတန်းချိန် ပြီးဆုံးလျှင် ပန်းကန်ခွက်ယောက် များကို ကိုင်ပြီး စားသောက်ဆိုင် စျေးတန်း ဘက်သို့ ပြေးသွားတတ်သော လူငယ် တစ်စုကို မြင်တွေ့နိုင်သည်။
သို့သော် လွန်ခဲ့သော ရက်ပိုင်းခန့်က လုံခြုံရေး သတိပေးချက်ကြောင့် ကျောင်းသားများက အခန်းထဲတွင်သာ နေခဲ့ရသည်။
နေ့လည်စာ ထမင်းဘူးများကိုလည်း အခန်းထဲ အရောက် ပို့စေ၏။
ကျောင်းသားများမှာ သေမတတ် ပျင်းရိနေကြသည်။
ဆရာမဖန်က အတန်းထဲတွင် ထိုင်နေပြီး တာအို မန္တန်သင်ခန်းစာ၏ လေ့ကျင့်ခန်းများကို အမှတ်ခြစ်နေသည်။
အရိပ်လုပ်ကြံသူ အဖွဲ့၏ စိန်ခေါ်စာကြောင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တည်းက ကာယချိန်များကို ဖျက်သိမ်းထားခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ရည်မှန်းချက် ကြီးမားသော ဆရာများထဲမှ တစ်ဦးဖြစ်သော ဆရာမဖန်မှာ ဤအခွင့်အရေးကို အမိအရ အသုံးချပြီး သူမ၏ တာအိုမန္တန် ရေးဆွဲခြင်း သင်ခန်းစာကို ခပ်မြန်မြန် သင်ကြားပေးနေ၏။
ဆရာမဖန်၏ အားကြိုးမာန်တက် သင်ကြားမှုက တာအိုမန္တန် စာမေးပွဲတွင် Sသုံးလုံး အဆင့်ရောက်အောင် အကူအညီ ပေးနိုင်လောက်၏။
ပျင်းရိ ငြီးငွေ့နေသော ချန်းချောင်က ဘောပင်ကို လှည့်နေပြီး ကော်ဟောက်က ကြက်တူရွေးလေး ဒိုပီ နှင့် ဆော့ကစားနေသည်။
သူတို့နှစ်ဦးစလုံးက တစ်မနက်ခင်းလုံး မန္တန်ရေးဆွဲခြင်းကို သင်ကြားနေရ၍ သေချင်စိတ် ပေါက်နေ၏။
မန္တန်ရေးဆွဲခြင်း အတတ်ကို ထပ်တလဲလဲ သင်ကြားနေရသည်မှာ အလွန် ပျင်းရိစရာ ကောင်းလွန်းသည်။
ချန်းချောင် တစ်ဦးတည်းသာ ယခုလို ခံစားရခြင်း မဟုတ်ဘဲ ယောက်ျားလေး အားလုံးလိုလို သူကဲ့သို့ ခံစားနေရ၏။
သူတို့အားလုံး၏ ကာယချိန်လေးက အလဟဿ ကုန်ဆုံးခဲ့ရသည်။
သူတို့အားလုံးက အရှုံးသမားဘဝဖြင့် နေထိုင်နေရခြင်းနှင့် မခြားနားခဲ့ပေ။
ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ အတန်းထဲရှိ ထိပ်တန်း ကျောင်းသား တချို့ကြောင့် သူအံ့အားသင့်သွားရသည်။
အတန်းထဲတွင် လူထူးဆန်းများက တည်ငြိမ်နေသည်။
လင်းရှောင်ယုကဲ့သို့ ပူပင်ကြောင့်ကြမှု ကင်းမဲ့စွာ နေတတ်သော ကောင်မလေးက စာကို အသေအချာ လေ့လာနေသည်။
တာအိုမန္တန် လေ့ကျင့်ခန်းတွင် သူမက အမှတ်ပြည့်ပါ ရနေသည်။
စာလေ့လာခြင်းကို ကြီးကြပ်ပေးသော မြေပဲလေးက စိတ်အနှောင့်အယှက် ဖြစ်ဟန် မရှိဘဲ တိတ်ဆိတ်နေသည်။
ကျောင်းတက်ချိန်မှ ယခုအထိ ခေါင်းငုံ့ကာ တိတ်တဆိတ် စာရေးသားနေခဲ့သည်။
မြေပဲလေးက လက်ရွေးစင်အတန်းသို့ ဝင်ရောက်နိုင်ခြင်းမှာ သူ၏ လုံ့လဝီရီယကြောင့်ဟု ယူဆနေသောသူ ဖြစ်၏။
တတိယပုဂ္ဂိုလ်မှာ ဝမ်လင်း ဖြစ်သည်။
ဝမ်လင်းက တာအိုမန္တန် သင်ခန်းစာ စတင်သင်ကြားသည့် ပထမဆုံး အတန်းချိန်တွင် မကောင်းဆိုးဝါး ဘုရင်ကြီးကို ဆင့်ခေါ်ခဲ့မိရုံမှ လွဲ၍ နေ့စဉ် စစ်ဆေးချက်များတွင် သာမန် အဆင့်မျှသာ ရခဲ့သည်။
သို့သော် ဝမ်လင်းက ထင်ထားသလောက် မရိုးရှင်းမှန်း သူ ခံစားမိသည်။
စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ ကယ်တင်ပေးခဲ့သော လူထူးဆန်း သူရဲကောင်းက ဝမ်လင်း ကိုယ်တိုင် ဖြစ်နေနိုင်သည်ဟု ယူဆမိသော်လည်း သက်သေ မရှိခဲ့ပေ။
သို့ရာတွင် အတန်းဖော် စွန်းရုံ နှစ်သက်သူက သာမန်ပုဂ္ဂိုလ် မဖြစ်နိုင်ဟု ခံစားမိနေ၏။
သူက ဝမ်လင်း၏ မိသားစု အခြေအနေကို ခရေစေ့တွင်းကျ မသိခြင်းမှာ အမှန်တရား ဖြစ်သော်လည်း ဝမ်လင်း၏ မိသားစု နောက်ခံက ထင်သလောက် မရိုးရှင်းဟု ခံစားနေရသည်။
အပိုင်း(၁၇) ပြီး၏။