webnovel

မကျွတ်မလွတ်သောမလွင်

စုနှင်း နဲ့ ကိုအောင်မင်း အိမ်ထောင်ကျခါစက စုနှင်း အသက် ၁၉နှစ်ပဲရှိသေးတယ်။ အိမ်ထောင်သက် ၁၃ နှစ်အတွင်းမှာ သမီးလေး နှစ်ယောက်ရခဲ့တယ် ။ အကြီးမလေး က ၁၁ နှစ် ၊ အငယ်မလေး က၈နှစ် ... မင်္ဂလာဦး ကာလတွေမှာ အခက်အခဲတွေများခဲ့တော့ စုနှင်း တို့ အရမ်းကြိုးစားရုန်းကန်ခဲ့ရတယ် ။ အကြပ်အတည်းထဲရောက်တဲ့အချိန်တိုင်း လင်မယားနှစ်ယောက် တစ်ယောက်လက် တစ်ယောက် မြဲမြဲကိုင်ပြီး ရင်ဆိုင်ခဲ့ကြတယ် ။ ပျော်ရွှင်ရတဲ့အချိန်တွေရှိသလို ၊ ငိုယိုပြိုလဲခဲ့ရတဲ့အချိန်တွေလဲရှိတယ် ။

အခုထိလည်း စုနှင်းတို့ ကြိုးစားနေရတုန်းပဲ ။ သမီးလေးနှစ်ယောက်ပါ ဘ၀ထဲ၀င်လာခဲ့ပြီဆိုတော့ နဂိုထက်အများကြီးပိုကြိုးစားရတယ် ။ ကိုအောင်မင်းက company အလုပ်နဲ့ ခရီးသွားရတာက များတယ် ။မိသားစုတွေတစ်ကွဲတပြားစီနေရတာ သိပ်အဆက်မပြေပေမယ့် ၀င်ငွေတော့ အတော်ကောင်းတာမလို့ ဒီအလုပ်မှာပဲအခြေကုပ်ထားရတယ် ။ စုနှင်းရဲ့ အလုပ်ကလည်း မနက် ၉နာရီကနေ ညနေ ၅ နာရီအထိ။ သမီးနှစ်ယောက်ကလည်း ကျောင်းနေ နေကြပြီဆိုတော့ တစ်ရက် တစ်ရက် စုနှင်းအရမ်းဗြာများရတယ် ။

မနက်မိုးလင်းရင် ထမင်းချက် ဟင်းတွေပြန်နွေး ၊ရေချိုး ၊မနက်စာစား ၊ကလေးတွေကျောင်းသွားဖို့ပြင်ပေး ၊ ထမင်းဘူးတွေထည့် ၊ အိမ်သန့်ရှင်းရေး လေး အနည်းအကျဉ်းလုပ်ပြီးရင် ဆိုင်ကယ်နဲ့ သမီးနှစ်ယောက်ကိုတင်ပြီး ကျောင်း၀င်ပို့ရတယ် ။

ပြီးရင် အလုပ်သွားတာပေါ့ ... ညနေကျတော့ ကလေးတွေကျောင်းဆင်းချိန် ကိုယ်တိုင်မကြိုနိုင်တော့ ဆိုက်ကားဆရာကို လပေးနဲ့ငှားထားပြီး ကြိုခိုင်းရတယ် ။ ကျောင်းကြိုပြီး ကျုရှင်တွေပါ လိုက်ပို့...ညနေ ၅နာရီကျ အဲဒီဆိုက်ကားဆရာ ကပဲ ကျူရှင်ကြိုပြီး အိမ်လိုက်ပို့ ။

စုနှင်းက အလုပ်ဆင်းချိန် က ၅နာရီဆိုပေမယ့် ၊ ၅ခွဲလောက်မှ ဆင်းရတာများတယ် ။ အလုပ်ဆင်းရင် ညစျေးခဏ၀င်ပြီး စျေး၀ယ်ခြမ်းတာနဲ့ဆို ၆နာရီကျော်ပြီ ။ ကလေးတွေအိမ်ပြန်ရောက်တဲ့အချိန်ဆို စုနှင်းတို့အိမ်နားက အဒေါ်ကြီးတစ်ယောက်က ကလေးတွေကိုလာစောင့်ပေးတယ် ။ ကလေးတွေကတော့ အဆာပြေမုန့်စား ၊ ခဏနားပြီး စုနှင်းအလာကိုစောင့်ကြတာပေါ့ ။

စုနှင်းက စျေးကအပြန် လမ်းမှာ ကလေးတွေရဲ့ အိမ်ကျူရှင်ဆရာမ မလွင် ကို ၀င်ခေါ်ပြီးမှ အိမ်ပြန်လာရတယ် ။ မလွင်ရဲ့အိမ်က ရပ်ကွက်ထိပ်ကပဲဆိုတော့ စုနှင်းအတွက် တကူးတကတော့မဖြစ်ဘူး ။

စုနှင်းက ကလေးတွေရဲ့ ပညာရေးကို တိုးတက်စေချင်တဲ့သူမလို့ စုနှင်း လက်လှမ်းမီသလောက်တော့ ကလေးတွေပညာရေးအတွက် ဖြည့်ဆည်းပေးတယ် ။ ကျောင်းမှာ သမီးတွေမျက်နှာမငယ်ရအောင် အတန်းပိုင်ကျူရှင်ထားပေးတဲ့အပြင် အိမ်မှာလည်း ဆရာမတစ်ယောက်ထပ်ခေါ်ပြီး စာသင်စေတယ် ။

စုနှင်း ပြန်ရောက်တဲ့အချိန် က ၆နာရီခွဲလောက်ဆိုတော့ ၇နာရီဆိုကလေးတွေ အိမ်ကျူရှင်စတယ် ။ ကလေးတွေကျူရှင် သင်နေတဲ့အချိန် စုနှင်းက အဆာပြေတစ်ခုခုစားရင်း ညစာရော ၊ မနက်ထမင်းချိုင့်အတွက်ပါ ချက်ပြုတ်နေရပြီ ။ ကလေး တွေ ၈ ခွဲ ကျူရှင်ပြီးမှ စုနှင်းလည်း နားရတော့တာပဲ ။ ပြီးရင် သားအမိတွေ ညစာစားရင်း tv ခဏကြည့်ပြီး ၉နာရီခွဲလောက်မှ အိပ်ရာ၀င်ကြတယ် ။

ဒါ စုနှင်းတို့ သားအမိတွေရဲ့တစ်နေ့တာပေါ့ ။

အိမ်ကျူရှင်ဆရာမ မလွင် အကြောင်းပြောရရင် ...

မလွင်က စာအသင်အပြအရမ်းကောင်းတယ် ။ စိတ်လည်းရှည်ပြီး ကလေးတွေကို နား၀င်အောင် ပြောပြ၊သင်ပြတတ်တယ် ။

စာတင်မကဘဲ နေတာထိုင်တာ စည်းကမ်းရှိဖို့ပါ သင်ပြပေးတတ်တယ် ။ သမီးတွေကို ဆုံးမသွန်သင်ဖို့ အချိန်သိပ်မပေးနိုင်တဲ့ စုနှင်းအတွက် မလွင် က တကယ်အားကိုးရတယ် ။ တစ်ခါ တလေ စုနှင်း နေထိုင်မကောင်းဖြစ်တဲ့နေ့မျိုးဆို အိမ်မှာ လာစောင့်အိပ်ပေးတာမျိုးရှိတယ် ။

မလွင်ကလည်း သူ့ အိမ်တွင်းရေးကိစ္စတွေအဆင်မပြေတဲ့သူမလို့ ငွေလို ၊ စုနှင်းကလည်း သမီးတွေအတွက် ဆရာမ'ကောင်းလိုအပ်မလို့ နှစ်ဦးနှစ်ဖက် အဆင်အပြေဆုံးဖြစ်တာပေါ့ ။

အကြီးမလေး ၂တန်းကတည်းက မလွင်နဲ့သင်လာတာဆိုတော့ ၄နှစ်ကျော် ၅နှစ်လောက်ရှိပြီမလို့ မလွင် က ကလေးတွေနဲ့အတော်ရင်းနှီးနေပြီ ပြောရမှာပေါ့ ။ စုနှင်းကတော့ လိုတာထက်ပိုပြီးရင်းနှီးအောင်မနေဖြစ်ဘူး ။ လူရင်းတွေလိုဖြစ်သွားရင် အလုပ်ပုံစံမှာကျ သိပ်ပြောရဆိုရ အဆင်မပြေတာမျိုးတွေ ကြုံဖူးတာမလို့ စုနှင်းကတော့ စည်းတစ်ခုထားပြီးပဲ ဆက်ဆံဖြစ်တယ် ။

အဲဒီလိုနဲ့ တစ်ရက် ...

စုနှင်း ခေါ်လာကတည်းက မလွင်မျက်နှာသိပ်မကောင်းတာသတိထားမိတယ် ။ ကလေးတွေကို စာသင်ပြီးချိန်ကျတော့ မလွင် စုနှင်းကိုထုတ်ပြောလာတယ် ။ 'သူ့အိမ်မှာ အဆင်မပြေတာလေးတွေရှိလို့ ကျူရှင်ပြဖို့ကို တစ်လလောက်နားထားချင်ကြောင်း ၊ တစ်လပြီးရင်တော့ ပြန်လာသင်ပေးမည်ဖြစ်ကြောင်း'ပြောတော့ စုနှင်းလည်းအသာတကြည်ပဲ လက်ခံပေးလိုက်တယ် ။ မဟုတ်လည်း ကလေးတွေက စာတွေရှေ့ကြိုရောက်ထားပြီးတော့ တစ်လလောက်နားတာနဲ့က ဘာမှအဆင်မပြေစရာမရှိဘူး ။ သမီးတွေလည်း နားချိန်ရတယ်ဆိုပြီး စုနှင်းလည်း "ရတယ် မလွင်...ပြန်လာသင်ခါနီးရင်တော့ အစ်မကို လာကြိုပြောပေးဦးနော် "လို့ပဲပြောလိုက်တယ် ။

ဒါပေမယ့် နောက် ရက်ပိုင်းလောက်အကြာမှာ မယုံနိုင်စရာသတင်းတစ်ခုကို စုနှင်းကြားလိုက်ရတယ် ။ မလွင် ဆုံးပြီ ဆိုတဲ့သတင်း ...

ဆုံးတာမှ သာမန်မဟုတ်ဘူး...အသတ်ခံရတာ ။

ဖြစ်ပုံက ဒီလို...

အစအဆုံးပြောရမယ်ဆိုရင် မလွင်က မိဘတွေမရှိတော့ဘူး ။ မွေးချင်း ညီအစ်မနှစ်ယောက်ရှိပေမယ့် အစ်မဖြစ်သူက အိမ်ထောင်ကျပြီး ယောက်ျားနဲ့လိုက်နေတယ် ။ မလွင်ကတော့ အဒေါ်နဲ့ပဲ နေခဲ့ရတယ် ။ အမွေဆိုင် အိမ်၀န်းဆိုတော့ အဒေါ့်ဆီ ကပ်နေရတာမျိုးတော့ မဟုတ်ဘူးပေါ့ ။ အဒေါ်နဲ့က အဆင်ပြေပေမယ့် ဦးလေး( အဒေါ့်ယောက်ျား )ရယ် ၊ ဦးလေးဘက်က ပါတဲ့ အမျိုးတွေရယ်နဲ့က သိပ်အဆင်မပြေဘူး ။ စားတာသောက်တာ က အစ လိုက်ပြီး တွန့်တို တွပ်ကပ်နေကြတာမလို့ မလွင် က ကိုယ့်၀မ်းကိုယ်ကျောင်းနိုင်ဖို့ကြိုးစားရတယ် ။

ညဘက် စုနှင်းတို့ အိမ် မှာ စာလာပြတဲ့အလုပ်အပြင် နေ့ဘက်ဆိုလည်း ဘော်ဒါဆောင်တွေမှာ အချိန်ပိုင်း စာပြတာမျိုးလုပ်သေးတယ် ။ မလွင် မဆုံးခင်တစ်ရက်က နေ့ခင်း ဘော်ဒါဆောင်သွားခါနီး ထမင်းစားနေတုန်း ဦးလေးနဲ့ ကတောက်ကဆဖြစ်တယ် ။ အမြဲသည်းခံခဲ့ရတာတွေများတော့ မလွင်လည်း စိတ်ပေါက်လာတာနဲ့ ထမင်းပန်းကန်တွေထားခဲ့ပြီး ဘောက်ဆတ်ဆတ်နဲ့ထွက်လာလိုက်တယ် ။ ဒါပေမယ့် ပြဿနာက မပြီးသေးဘူး ။ အခဲမကြေနိုင်တဲ့ ဦးလေးက မလွင် စာပြတဲ့ ဘော်ဒါဆောင်ထိလိုက်လာတယ် ။ ဆဲဆိုကြိမ်းမောင်းတဲ့အပြင် အဆောင်ထဲအထိ၀င်ပြီး မလွင်ကို ပါးရိုက် ၊ နားရိုက်လုပ်သွားတာ ... မလွင်က ရှက်လည်းရှက် ၊ ဒေါသလည်းထွက်ပြီး ငိုတာပေါ့ ။ အဲဒီနေ့ညကတော့ မလွင် အိမ်မပြန်ဘဲ သူငယ်ချင်းတစ်ယောက်ဆီမှာပဲ အိပ်လိုက်တယ် ။

နောက်နေ့ကျတော့ မနက်ပိုင်း အစ်မဖြစ်သူဆီ ဖုန်းဆက် အကျိုးအကြောင်းပြောပြီး အဒေါ်တို့အိမ်၀န်းကို အမွေခွဲခိုင်းဖို့ကိစ္စ တိုင်ပင်တယ် ။

ဒီလိုနဲ့ အစ်မကလည်း သဘောတူတော့ မလွင်က အဒေါ့်အိမ်ပြန်ပြီး အမွေကိစ္စသွားပြောတယ် ။

အိမ်မှာ အဒေါ်တို့ လင်မယားပဲ ရှိပြီး အဒေါ်ကလည်း နေသိပ်မကောင်းဘူး ။

အဒေါ့်မျက်နှာကြောင့် မလွင် တတ်နိုင်သမျှ ကောင်းကောင်းမွန်မွန်ပြောပေမယ့် ဦးလေးက "တစ်ပြားမှမပေနိုင်ဘူး"လို့ပြောပြီး မိုက်မိုက်ရိုင်းရိုင်းတွေဆဲလာတယ် ။ ဒီတော့ မလွင်လည်းသည်မခံနိုင်တော့ဘဲ ပြန်ပြော၊ ပြန်အော်ရင်း အခြေအနေဆိုးသွားပြီး ဦးလေးက ဓားဆွဲ ၊ တုတ်ဆွဲဖြစ်သွားရာကနေ လက်လွန်ပြီး မလွင် အသက်ပေးလိုက်ရတယ် ။ မလွင် ပြေးဖို့ကြိုးစားပေမယ့် အချိန်မမီလိုက်ဘဲ ဗိုက်ကို ဓားနဲ့ အချက်ပေါင်းများစွာ ရက်ရက်စက်စက် ထိုးအသတ်ခံလိုက်ရတာ ။

မလွင် ရဲ့ အဖြစ်အပျက်ကတော့ အဲဒီလို...

မလွင်ဆုံးပြီးနောက်ပိုင်းလည်း အရပ်ထဲမှာ "မလွင်က မကျွတ်ဘူး...ခြောက်လှန့်နေတယ်"၊ "မလွင်က မနက်ဆို အိမ်ရှေ့မှာ တံမြက်စည်းလှည်းနေတာ"၊ "ညဘက် အိမ်ရှေ့က ရေတွင်းမှာ ထဘီရင်လျားနဲ့ ရေချိုးနေတာ" စသဖြင့် သတင်းသဲ့သဲ့တွေ စုနှင်းကြားလိုက်ရသေးတယ် ။

ကိုယ်တိုင် ဘာမှမကြုံရတော့ စုနှင်းကတော့ ကောလဟလပဲနေမှာပါလေ လို့ပဲ တွေးတယ် ။

ဒီလိုနဲ့ ဇာတ်လမ်းအစ ...

မလွင်ဆုံးပြီး သုံးပတ်ကျော်ကျော်လောက်အကြာ ...

အဲဒီနေ့က ကိုအောင်မင်း ပြန်ရောက်နေတာနဲ့ စုနှင်းတို့မိသားစု အပြင် မှာ ညစာ စားကြတာ... ပြန်လာတော့ ည ၈နာရီကျော်ကျော်လောက်ရှိနေပြီ ။ အိမ်ရှေ့မှာ ခြံတံခါးဖွင့်နေကတည်းက စုနှင်းစိတ်ထဲ ခေါ်သံ လိုလိုကြားလို့ နောက်ကို လှည့်ကြည့်လိုက်သေးတယ် ။ ဘယ်သူမှ မရှိပေမယ့် စုနှင်းစိတ်ထဲ ဘာကိုတစ်မျိုးဖြစ်သွားမှန်းမသိဘူး ။ ဒါနဲ့ အိမ်ထဲ ၀င်ပြီးတော့ ကိုအောင်မင်းက ကလေးတွေနဲ့ အထဲ၀င်သွားတဲ့အချိန် စုနှင်းက ခြံတံခါးပြန်ပိတ်နေတုန်း အပုပ်နံ့ဆိုးဆိုးကြီး ထောင်းခနဲ ရလိုက်တယ် ။ အနံ့ရလိုက်တော့ ဘာရယ်မဟုတ် စုနှင်း အပြင်ဘက်လှမ်းကြည့်လိုက်တော့ အိမ်ရှေ့ ကနေ မိန်းမတစ်ယောက် လှည့်ထွက်သွားတာ မြင်လိုက်ရတာ... ခုနကအထိဘယ်သူမှ မရှိတာမလို့ ဘယ်သူပါလိမ့်ဆိုပြီး ခြေဖျားထောက်ရင်း ၀င်းတံခကနေကျော် ကြည့်တော့ အိမ်ပေါက်နဲပမလှမ်းမကမ်း မှောင်ရိပ်ကျတဲ့နေရာမှာ မိန်းမတစ်ယောက် .... မလှုပ်မယှက် ရပ်နေရင်း စုနှင်းကိုကြည့်နေသလိုမျိုးပဲ ။ စုနှင်းလည်း ဘယ်သူများပါလိမ့်ဆိုပြီး သေချာစိုက်ကြည့်နေတော့ အဲဒီမိန်းမက ချာခနဲ လှည့်ထွက်သွားတယ် ။

လှည့်ထွက်ပြီး တခြားဘက် လျှောက်သွားတဲ့ပုံစံကိုကြည့်ပြီး စုနှင်း စိတ်ထဲထိတ်ခနဲ ဖြစ်သွားတယ် ။ အဲဒီမိန်းမ ရဲ့ ပုံစံက မလွင် နဲ့ အရမ်းတူနေတာ...ပြောရရင် မလွင် မှ မလွင်အစစ်လို့တောင်ပြောလို့ရတယ် ။ အတွေးကြောင့် ကြက်သီးဖြန်းခနဲထသွားပေမယ့် "ငါ စိတ်ထင်တာနေမှာပါလေ"လို့ပဲတွေပြီး စုနှင်းလည်း အိမ်ထဲခပ်သုတ်သုတ်၀င်သွားလိုက်တယ် ။

အဲဒီ ညရဲ့ နောက်ရက်က စနေ ၊ တနင်္ဂနွေမလို့ မိသားစုဆုံကြတုန်း စုနှင်းတို့တွေ အိမ်မှာသိပ်မကပ်ဖြစ်ဘူး ။ ဆိုင်ကယ်တစ်စီးနဲ့ လည်ပတ်နေကြတာပေါ့ ။ တနင်္ဂနွေ ညနေကျတော့ ကိုအောင်မင်းက အလုပ်ပြန်၀င်ရတယ် ။ ဒီတော့ ထုံးစံအတိုင်း စုနှင်းတို့ သားအမိသုံးယောက်ပဲကျန်ခဲ့ကြတာပေါ့ ။

ဒီလိုနဲ့ နောက်တစ်ရက် ...

စုနှင်း အလုပ်ကအပြန် ၀ယ်စရာရှိတာတွေ ၀ယ်ပြီးတာနဲ့ အိမ်ပြန်လာတယ် ။ အစကတော့ ဆိုင်ကယ်မောင်းရတာပုံမှန်အတိုင်းပေမယ့် ... ရပ်ကွက်ထဲ စ၀င်လာပြီး ခဏလောက်နေတော့ ဆိုင်ကယ်ကတစ်မျိုးကြီးဖြစ်လာတယ် ။ လက်ကိုင်က တစ်ဖက်ဆွဲသလိုကြီးဖြစ်ပြီး စုနှင်း သေချာသတိထားပြီး ထိန်းမောင်းလာရတယ် ။

ပြီးတော့ တစ်ချက် ၊ တစ်ချက်ကျရင်လည်း မကောင်းတဲ့အနံ့တစ်မျိုးရတယ် ။ ဒါပေမယ့်လည်း ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ စုနှင်း သိပ်ဂရုမထားတော့ဘဲ ဆက်မောင်းလာလိုက်တယ် ။

အိမ်ရောက်တော့... အိမ်ထဲကို စုနှင်း ဆိုင်ကယ်သွင်းလာနေတုန်း သမီးတွေကိုလာစောင့်ပေးတဲ့ အဒေါ်ကြီးက

"ဆရာမ အသစ်လား သမီး"လို့ မေးလာတော့ စုနှင်းကြောင်သွားတယ် ။ "ဘာက်ို မေးတာလဲ ကြီးကြီး"လို့ပြန်မေးတော့

"သမီးနောက်မှာ တင်ခေါ်လာတာ ဆရာမ အသစ်မှတ်လို့"

အဒေါ်ကြီးက ပြောလည်းပြော ၊ မျက်လုံးကလည်း ဟိုဟိုဒီဒီ ကစားကြည့်ပြီးမှ ဘယ်သူ့မှမတွေ့တော့

"ကြီးကြီး အမြင်မှားတာနေမှာပါကွယ် .... အသက်ကြီးတော့ မျက်လုံးတွေလည်းမကောင်းတော့ပါဘူးတော်"ဆိုပြီး ပြောတယ် ။

အဲလိုနဲ့ ည ၇နာရီကျော်ကျော် ...

စုနှင်းက ချက်ပြုတ်နေပြီး သမီးတွေက အိမ်စာတွေလုပ်နေကြတယ် ။

သမီးငယ်ပြောလာတာက

"မေမေ...ဘာအနံ့ကြီးလဲ မသိဘူး...နံလိုက်တာ..မီး အန်တောင်အန်ချင်လာပြီ"လို့ပြောတယ်။

ဒါနဲ့ စုနှင်းက လှည့်ကြည့်လိုက်တော့

"ဟင်"

သမီးငယ်ရဲ့ဘေးမှာ ဆံပင်ဖားလျားနဲ့ မိန်းမတစ်ယောက်ထိုင်နေတာတွေ့လိုက်ပေမယ့် ဟင်းအိုးက အငွေ့တွေနဲ့မလို့ မသဲကွဲဘူး။ဒါနဲ့ စုနှင်း နောက်တစ်ခါသေချာပြန်ကြည့်တော့ ဘာမှမရှိဘူး ။

အဲလိုကနေ သမီတွေက အနံ့ နံတယ်ပြောလိုက် ၊ ကြက်သီးတွေထနေတယ်ပြောလိုက်နဲ့ စုနှင်းမှာ ဟင်းအိုးတစ်ဖက်နဲ့ စိတ်မအားရဘူး ။ ၈နာရီခွဲကျော်ကျော်လောက်ကျတော့ အိမ်ရှေ့မှာ ခွေးတွေ စွဲစွဲငင်ငင် အူသံတွေ ထွက်လာတယ် ။ အသံက စုနှင်းတို့အိမ်ရှေ့ကနေ စပြီး တဖြည်းဖြည်း နဲ့ဝေးသွားသလိုမျိုး ... အူတဲ့ပုံစံက စုနှင်းတောင် ကျောချမ်းတယ် ။

နောက်ရက်တွေလည်း ညဘက် ကလေးတွေစာလုပ်နေတဲ့အချိန်ဆို အပုပ်နံ့ နံလိုက် ၊ အရိပ်လိုဟာမျိုးက ဟိုကဖြတ်ခနဲ ၊ ဒီကဖြတ်ခနဲတွေ့လိုက်နဲ့ ဖြစ်လာတယ် ။ ၈နာရီခွဲကျော်လောက်မှာ အိမ်ရှေ့ငနေ ခွေးတွေစအူတာလည်း ညတိုင်းလိုလိုဖြစ်လာတော့ စုနှင်း တစ်ခုခုကို ရိပ်မိသလိုရှိလာပေမယ့် မသေချာလို့ စိတ်ထဲစနိုးစနောင့်နဲ့ပေါ့ ။

ဒီလိုနဲ့တစ်ညနေ

စုနှင်း အလုပ်ကပြန်လာတော့ ထုံးစံအတိုင်း ရပ်ကွက်ထဲအ၀င်မှာ ဆိုင်ကယ်က အိခနဲဖြစ်ပြီးလေးသွားတယ် ။ ညှီပုပ်ပုပ်အနံ့ကလည်း ရနေပြန်ရော ... ပြီးတော့ အနောက်မှာ တစ်ယောက်ယောက်ထိုင်လိုက်လာသလို ကျောမလုံတဲ့ စိတ်လည်းဖြစ်နေတော့ စုနှင်း ဘာရယ်မဟုတ် ဘက်မှန်ကနေတဆင့် နောက်ကိုကြည့်လိုက်တော့ ... စုနှင်းပခုံး အနောက်မှာ ဆံပင်တွေလွင့်နေတဲ့ ခေါင်းပုံစံကိုတွေ့လိုက်တော့ စုနှင်းလန့်သွားတယ် ။ တော်တော်လန့်သွားတာမလို့ ဆိုင်ကယ်မောင်းနေတာလည်း ဟန်ချက်ပျက်သွာပြီး ဆိုင်ကယ်လဲကျသွားတယ် ။ ဒါပေမယ့် သတိနဲ့ထိန်းလိုက်တော့ အကျတော့ သိပ်မနာလိုက်ဘူး ... ဘာမှကြီးကြီးမားမား မထိခိုက်ပေမယ့် ခါးတော့မည်းနည်းမြက်သွားတယ် ။

အဲလိုနဲ့ည...

ခါးက ငြိမ်ငြိမ်လေးထိုင်နေရင် သိပ်မနာပေမယ့် လှုပ်လှုပ်ရှားရှားလုပ်ပါများရင် နာလာတော့ စုနှင်း သိပ်မလှုပ်ရှားရဲဘူး ။ ဒီတော့ ဘာမှ မချက်မပြုတ်ဖြစ်တော့ဘဲ သမီးတွေ စာလုပ်တဲ့အချိန် ဘေးနားမှာပဲ လှဲရင်း စောင့်နေပေးတာ

ပင်ပန်းတဲ့အရှိန်နဲ့ နည်းနည်းမှေးခနဲဖြစ်သွားတုန်း ...

"အစ်မ ...အစ်မ"

နားထဲမှာ ခေါ်သံလိုလိုကြားတော့ မျက်လုံးကို ခပ်မှေးမှေး လုပ်ရင်းဖွင့်ကြည့်တော့

"အမ်"

သမီးနှစ်ယောက်ကြားမှာ "မလွင်"

လည်ပင်းကြီးစောင်းပြီး စုနှင်းကို ငူငူကြီးကြည့်နေတာ...စုနှင်း အလန့်တကြားနဲ့ ထထိုင်ပြီး သေချာကြည့်တော့ ကလေးနှစ်ယောက်အပြင် ဘယ်သူမှရှိမနေဘူး ။ သတိလက်လွတ် ထပစ်လိုက်တော့ ခါးကတော့ အတော်နာသွားတာ ။

ဒီလိုနဲ့ စုနှင်းပြန်မလှဲဖြစ်တော့ဘဲ ကလေးတွေဘေးမှာ ခြင်ယမ်းပေးရင်းထိုင်နေလိုက်တယ် ။ ကလေး တွေ စာလုပ်ထားတာတွေ ပြန်ကြည့်ပေးနေရင်း စိတ်ထဲ မလုံသလိုဖြစ်လာတာမလို့ မျက်လုံးက ပြတင်းပေါက်ဘက်ဆီအရောက် .... တစ်ယောက်ယောက် ဖြတ်သွားသလို မျိုး ပုံစံမြင်လိုက်ရတယ် ။

ဒီတစ်ခါက အရိပ်လိုတောင် မဟုတ်ဘူး ။ ဆံပင် ရော ၊ လက်ရော ခန္ဓာက်ုယ်ပုံစံပါမြင်လိုက်ရတာ ။ မြင်ရတာက မိန်းမ ပုံစံဖြစ်တဲ့အပြင် ... အသွင်အပြင်ကလည်း စုနှင်း ရင်းနှီးနေတဲ့ပုံစံဖြစ်လို့ စိတ်ထဲမှာ နည်းနည်းလန့်သလိုဖြစ်လာပြီး စုနှင်း လက်ဖျားတွေလည်း အေးလာတယ် ။

ကလေးတွေမြင်လိုက်ရရင် ပိုလန့်နေမှာစိုးလို့ စုနှင်း ပြတင်းပေါက်ထပိတ်ဖို့ပြင်ရတယ် ။ ပြတင်းပေါက် ပိတ်နေတုန်းမှာလည်း မျက်လုံးကို ဘယ်မှရွှေ့မကြည့်ရဲဘူး ။ မျက်လွှာချပြီး ပိတ်ရတယ် ။ ဒါတောင် ပြန်လှည့်လာခါနီး နားထဲမှာ "အစ်မ...အစ်မရေ"ဆိုတဲ့ ခေါ်သံက်ို ပီပီသသ ကြားလိုက်ရသေးတာ ။

စုနှင်း တစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွာပြီး နားရင်းပါးရင်းတွေတောင် ပူသွားသလိုပဲ...မလွင် အသံမှ မလွင်အသံ အစစ်မလို့ စုနှင်း ကတုန်ကယင်တွေတောင်ဖြစ်လာတယ် ။ ဒါနဲ့ တရားစာအုပ်လေး ကောက်ကိုင်ပြီး အသံထွက်ရုံလေး ရွတ်ဖတ်နေလိုက်တယ် ။

အဲဒီညက အရင်ညတွေလို ခွေးအူသံမကြားရတော့ဘူး ။

ဒါပေမယ့် ညအိပ်တဲ့အထိ စုနှင်းစိတ်ထဲ အိမ်ထဲမှာ စုနှင်းတို့သုံးယောက်အပြင် တစ်ယောက်ယောက်ထပ်ရှိနေသလိုမျိုးပဲ ။ စိတ်က မသိုးမသန့်ဖြစ်နေတော့ တော်တော်နဲ့လည်းအိပ်မပျော်ပြန်ဘူး ။ အိပ်ပျော်မယ်ကြံရင်လည်း နားထဲ ခေါ်သံလိုလို ၊ စကားပြောသံလိုလို ကြားပြီး ခဏ ခဏ လန့်နိုးနေပြန်ရော ။

အရမ်းညဉ့်နက်မှ အိပ်ပျော်သွားတော့လည်း ... အိပ်မက် လို လို နဲ့ မြင်နေရတာပ ခြေရင်း အခန်းပေါက်က လိုက်ကာနားမှာ မလွင်က တစ်ချိန်လုံးရပ်နေပြီး စုနှင်းကို ကြည့်နေတဲ့ပုံစံမျိုးပဲ မြင်ယောင်နေတာ ။ မြင်ကွင်းထဲမှာတော့ လိုက်ကာက လေတိုက်သလိုတလွင့်လွင့်ဖြစ်နေပြီး မလွင်ပုံစံကလည်း ခပ်ဖျော့ဖျော့ပုံစံမျိုး ။( တကယ်က အိမ်တံခါးတွေအကုန်ပိတ်ထားလို့ ဘယ်လေမှ၀င်စရာမရှိဘူး...ဒီတော့ အိပ်မက်လို့ပဲပြောရမှာပေါ့ )

အဲဒီလိုမျိုးပဲ တစ်ညလုံး ဖြစ်နေတော့ မနက်ကျတော့ စုနှင်း အိပ်ရေးမ၀ဘူး...အိပ်ရေးမဝတော့ ခေါင်းလည်းနောက်သလိုဖြစ်ပြီး ၊ ခါးကလည်း ဆိုင်ကယ်စီးဖို့ သိပ်အဆင်မပြေသေးတော့ စုနှင်း အလုပ် ကို (PCOဖုန်းနဲ့)ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်တယ် ။ သမီးတွေကိုတော့ ဆိုက်ကားဆရာနဲ့ပဲ ကျောင်းပို့လိုက်ရတာပေါ့ ။

နေ့ခင်းဘက်တွေမှာတော့ သိပ်မထူးခြားပေမယ့် ညနေပိုင်းကျတော့ စသိသာလာတယ် ။ အိမ်ရှေ့ မုန့်သည်လာတုန်း ကလေးတွေအတွက် မုန့်၀ယ်ပြီး အိမ်ဘက်ပြန်အ၀င် အိမ်ထဲမှာ မိန်းမတစ်ယောက် မတ်တပ်ရပ်နေတာကို ထင်ထင်ရှားရှားကြီးမြင်လိုက်တယ် ။ ဒါနဲ့ အိမ်ထဲ ၀င်ရမှာလား ၊ မ၀င်ရဘူးလား ချီတုံချတုံဖြစ်နေတုန်း အဲဒီရပ်နေတဲ့မိန်းမက အိမ်အနောက်ဘက်ထဲကို ၀င်ပြီပျောက်သွားတယ် ။ စုနှင်းလည်း တစ်ယောက်တည်း နေရမှာ နည်းနည်းလန့်သွားတာနဲ့ ဘေးအိမ်က အဒေါ်ကြီးကို အဖော်ခေါ်ပြီး သမီးတွေပြန်အလာကိုစောင့်နေလိုက်တယ် ။

အဲလိုနဲ့ ည ...

ထုံးစံလိုပဲ လျှောက်ပြန်သံပေး ၊ အနံ့လေးတထောင်းထောင်းရလျက်နဲ့ပဲ သားအမိတွေ အိပ်ယာ၀င်လိုက်ကြတယ် ။ ကလေးတွေကတော့ စုနှင်းထက်ပဲ ကံမြင့်နေလို့ပဲလား ၊ ကလေးမလို့ သတိမထားမိတာပဲလား မသိ...ဘာမှ သိပုံမရဘူး ။ အနံ့မကောင်းတာရတာလောက်ပဲ သိကြပြီး တခြားထူးထူးဆန်းဆန်းမေးလာတာမျိုးမရှိဘူး ။

အိပ်တာက စုနှင်းနဲ့ ကလေးတွေအကုန် တစ်ခန်းထဲအိပ်ပေမယ့် အိပ်ယာတော့ခွဲထားတယ် ။ စုနှင်းက တစ်ကုတင် ၊ သမီးတွေက တစ်ကုတင် ... အငယ်လေးကတော့ တစ်ခါတလေ တစ်ရေးနိုးရင် စုနှင်း ကုတင်ဘက် ပြောင်းအိပ်တာမျိုးတော့ရှိတာပေါ့လေ ။

အဲဒီညက စုနှင်းတစ်ရေးနိုးတဲ့အချိန် ...

အိမ်အပြင်မှာက လေမှုန်သလို လေတိုက်သံခပ်ပြင်းပြင်းကြားနေရတယ် ။ မီးပျက်တော့မှာများလား ဆိုပြီး ကုတင်ဘေးက ဘက်ထရီမီးအိမ်ကို စုနှင်း ခြင်ထောင်ထဲ ယူ ထား လိုက် တယ် ။ ပြီးတော့ ပြန်အိပ်မယ်ပြက်တုန်း အခန်းအပြင်ဘက်မှာ လမ်းလျှောက်နေတဲ့ခြေသံတရှပ်ရှပ်ကိုကြားလိုက်ရတယ် ။ ခြေသံက တစ်ခုခုကို စိတ်ဂဏှာမငြိမ်သလို ဟိုဘက်လျှောက်လိုက် ၊ ဒီဘက်လျှောက်လိုက် နဲ့ခပ်မြန်မြန်လျှောက်နေတဲ့ ခြေသံမျိုး ။

စုနှင်းမျက်လုံးနည်းနည်းကျယ်သွားပြီး နားစွင့်နေတုန်းမှာပဲ ခြေသံရပ်သွားပြီး ငိုသံထွက်လာတယ် ။ အသံကခပ်တိုးတိုးပေမယ့် ၀မ်းနည်းပက်လက်ငိုနေတဲ့အသံမျိုး ... လေတိုးသံကြားမှာ ငိုသံ လေးလေးအီအီကြီးကြားနေရတော့ စုနှင်း ဇောချွေးတွေပြန်လာတယ် ။ နည်းနည်းမှ အားဖြစ်ဖြစ်ဆိုပြီး ကလေးတွေကုတင်ဘက် ပြောင်းအိပ်ရမလားကြံသေးပေမယ့် စုနှင်း မထရဲဘူး ။ ဒါနဲ့ ဘုရားစာပဲဖိရွတ်နေရင်း နည်းနည်းကြာတော့ စုနှင်း ပြန်အိပ်ပျော်သွားတယ် ။

အဲလိုနဲ့ စုနှင်း အတော်လေးအိပ်ပျော်ပြီးမှ ပြန်နိုးလာရပြန်တယ် ။ ဒီတစ်ခါက တစ်ယောက်ယောက် စုနှင်း ပခုံးကို လာလှုပ်နှိုးနေတာ...အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်တော့ မြင်ကွင်းက အမှောင်အတိပဲ...မီးပျက်နေတဲ့အပြင် မိုးသံတဖြောက်ဖြောက်လည်း ကြားနေရတယ် ။ စုနှင်း အတွေးထဲ ပထမဆုံးသတိရလိုက်တာက သမီးငယ် များလားဆိုပြီး

"သမီးငယ်လား"လို့မေးတော့ ဘာမှပြန်မဖြေပေမယ့် တဟင့်ဟင့်နဲ့ ခပ်အစ်အစ်ငိုသံပဲ ကြားရတယ် ။ ဒါနဲ့ တစ်ရေးနိုး ကြောက်လို့ငိုတောများလားဆိုပြီး

"သမီးလေး...မေမေနဲ့လာအိပ် လာ "ဆိုပြီး စုနှင်းထထိုင်လိုက်တော့ အနံ့တစ်မျိုး နှာခေါင်းထဲရလိုက်တယ် ။ သွေးညှီနံ့လိုလို ပုပ်အဲ့အဲ့အနံ့မျိုး...ဒီတော့မှ သမီးတွေမဟုတ်တဲ့ တခြားတစ်ခုကို စုနှင်းသတိရသွားပြီး ကြောက်စိတ်စ၀င်လာတယ် ။ စုနှင်းငြိမ်သွားတာကိုသတိထားမိသွားလို့လားမသိ ... ခုန ငိုသံက နည်းနည်းအသံပိုကျယ်လာတယ် ။ ၀မ်းနည်းတကြီး တငြီးငြီးငိုနေသလိုအသံ ဖြစ်လာတယ် ။

ဒီတော့မှ ဘာဆိုတာသိလိုက်ပြီး သရဲနဲ့တစ်ခြင်ထောင်ထဲမှာ ရောက်နေတဲ့အဖြစ်ကို သတိထားမိပြီး စုနှင်း အသက်တောင်မရှူရဲတော့ဘူး။ လူကလည်း အကြောတွေတောင့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် ချွေးတွေကလည်း ပြန်လာပြီ ။

နောက်ဆုံး ကြံရာမရဖြစ်လာတော့ ... စိတ်ကိုဆုံးဖြတ်ပြီ ဘေးက မီးအိမ်ကို ဆတ်ခနဲ ကောက်ယူလိုက်တယ် ။ မီးအိမ်ကိုဖွင့် ၊ ခြင်ထောင်ကို မြန်မြန်လှန်ပြီး ကလေးတွေကုတင်ဘက် ကူးဖို့အလုပ်

"အစ်မ..အစ်မရေ..အစ်မ"ဆိုတဲ့အသံသြရှရှကြီးကြားတော့ စုနှင်း တို့ဆေးနဲ့အတို့ခံရသလို အကြောတွေဆိုင်းသွားတယ် ။

"ကျွန်မကို ကြည့်ပါဦး အစ်မရယ်"ဆိုပြီး ငိုသံကြီးနဲ့ပြောသံထွက်လာတော့ စုနှင်းလည်း အညှို့ခံရသလို အသံလာတဲ့ဘက်ကို မီးအိမ်မြှောက်ပြီး ကြည့်လိုက်မိတော့

၁စက္ကန့်

၂စက္ကန့်

၃စက္ကန့်

"အမလေး...အမလေး...အမေရေ"

စုနှင်း အော်အော်ပြေးပြေးနဲ့ ကလေးတွေခြင်ထောင်ထဲဘယ်လိုရောက်သွားမှန်းမသိဘူး ...

မီးရောင်နဲ့မြင်လိုက်တာက

မှန်တင်ခုံရှေ့က ထိုင်ခုံမှာ စုနှင်းဘက် မျက်နှာမူပြီး ထိုင်နေတဲ့ မလွင်...ဗိုက်ကပွင့်နေပြီး သွေးသံရဲရဲကြားမှာ အူတွေကထွက်ကျနေတာ ...မျက်နှာတစ်ခြမ်းကလည်း ယောင်ကိုင်းပုပ်ပွနေပြီး ၊ ငိုနေသလိုပုံစံကြောင့် ရှုံ့မဲ့နေတာ တကယ် ကြောက်စရာကြီး

သူ့ဗိုက်ကိုငုံ့ကြည့်လိုက် ၊ စုနှင်းကိုကြည့်လိုက်နဲ့ လုပ်ပြနေတာ ...

စုနှင်း ခြင်ထောင်ထဲရောက်တော့ သမီးကြီးက နိုးလာပြီး "မေမေ ဘာဖြစ်တာလဲ"မေးတော့ စုနှင်းလည်း "အိပ်မက်ဆိုးမက်လို့ပါ သမီးရယ်"လို့ပဲပြောပြီး ပြန်အိပ်ခိုင်းလိုက်တယ် ။ ကလေးတွေခြင်ထောင်ထဲရောက်ပေမယ့် ဘေးအစွန်မှာရောက်နတော့ စုနှင်း ကျောမလုံဘူး ...ခြေတွေလက်တွေတုန်နေအောင်ကို ကြောက်နေတာ ။

ကြားနေရတဲ့ ငိုသံကြီးကြောင့် အိပ်လို့လည်းမပျော်တော့ မိုးမြန်မြန်လင်းပါစေ ဆုတောင်းပြီး ဘုရားစာတွေပဲ ရွတ်နေရတာ...မနက် သုံးနာရီလောက်မှာ မီးပြန်လာတော့ ငိုသံကြီးလည်း တိတ်သွားတယ် ။

အသံမကြားရတော့ စုနှင်းလည်း နည်းနည်းစိတ်သက်သာရာ ရပြီး

"သွားများ သွားပြီလား"ဆိုတဲ့အတွေးနဲ့ ခေါင်းလေးနည်းနည်းထောင်ကြည့်တော့ တစ်ဖက်က စုနှင်းကုတင်ပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ပုံစံကိုတွေ့လိုက်ရတာမလို့ အသာလေးပြန်လှဲနေလိုက်ရတယ် ။

ကျောပေးထားတဲ့ဘက်မှာ သရဲရှိတယ်ဆိုတဲ့အသိနဲ့ မလှုပ်မယှက်ရဲဘဲ တောင့်တောင့်ကြီး နေ နေမိတာ မိုးလင်းတဲ့အထိပဲ

အဲလိုနဲ့ မလွင် မကျွတ်သေးဘဲ အိမ် မှာ စာလာသင်တာကို စိတ်စွဲပြီး လာနေသေးတာမှန်း ခန့်မှန်းမိပြီး စုနှင်းလည်း မလွင် အိမ်ကိုမလာနိုင်အောင် လုပ်ဖို့ စီစဉ်ရတော့တယ် ...

အရပ်ထဲက လူကြီးတစ်ယောက်ကို အကျိုးအျကြာင်းပြောပြပြီ ညနေ ပိုင်း မလွင်လာနေကျအချိန်...

အိမ်၀န်းပေါက်မှာ အပုပ်နံ့ စရလိုက်တာနဲ့ ရွာလူကြီးက အမိန့်စာလိုဟာကိုင်ပြီး ဒီအိမ်မှာ မလွင်အလုပ်လုပ်စရာမလိုတော့ကြောင်း အမိန့်စာပြန်ပေးရတယ် ။ စုနှင်းကိုယ်တိုင်ကလည်း အလုပ်ထုတ်ကြောင်းပြောရတယ် ။

သိပ်မကြာဘူး အနံ့ပျောက်သွားရော...ဒါပေမယ့် အဲဒီညကတော့ စုနှင်း တစ်ယောက်တည်းမနေရဲလို့ မောင်၀မ်းကွဲတို့လင်မယားကို အဖော်ခေါ်ပြီး အိပ်ရတယ် ။ အဲဒီညကစပြီ အပ်ကျသံတောင်မကြားရတော့ဘူး ။ဒါပေမယ့် စုနှင်းကတော့ စိတ်မသန့်လို့ ကိုအောင်မင်းနဲ့တိုင်ပင်ပြီး အိမ် မှာ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်လိုက်ရသေးတယ် တဲ့ ...

ဒီလောက်ပဲနော်

ရာသီဥတုက အတော်လေးအေးနေတာမလို့ နွေးနွေးထွေးထွေးနေကြပါဦးရှင်...ပြီးတော့ အခန်းပေါက်မှာ လာရပ်စောင့်နေတာနဲ့ကြုံနေဦးမယ်နော်