webnovel

အပိုင်း(၂) ဟွာကော ရေတံခွန် အုပ်စု

Warning: This isn't my own novel, I just translation to Myanmar language.

စွန်းရုံက ၀မ်လင်းကို အရောတ၀င် လုပ်ပြီး စကားပြောရန် ကြိုးစားလိုက်၏။

ယင်းက သူမဘ၀တွင် ပထမဆုံးအကြိမ် အနေဖြင့် သူစိမ်းယောက်ျားလေး တစ်ယောက်အား သူမဘက်မှ စတင်၍ စကားပြောရန် ကြိုးပမ်းခြင်း ဖြစ်သည်။

သို့ရာတွင် မထင်မှတ်ဘဲ ထိုကောင်လေးက သူမကို တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

အဖြူရောင်ရှပ်အကျီနှင့် ဂျင်းဘောင်းဘီကို စမတ်ကျစွာ ဝတ်ဆင်ထားသည့် ထိုကောင်လေးက သူမ ကြုံတွေ့ရလေ့ ရှိသည့် အပေါစား ကောင်ဆိုးလေးများနှင့် လုံးဝ ကွဲပြားနေသည်ဟု သူမ ခံစားမိသည်။

ထို့အပြင် သူမ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော ထိုကောင်လေးတွင် ထူးခြားသော အရှိန်အဝါနှင့် လျှို့ဝှက် ဆန်းကြယ်မှုများ ရှိနေသည်ကို သူမ သတိပြုမိလိုက်၏

"အတန်းဖော်.. နင်လည်း ပထမနှစ် အခန်း၃မှာ အင်တာဗျူးသွားဖြေရမှာလား"

"အတန်းဖော်.. နင့်နာမည်ကို ငါသိလို့ ရမလား" "

ဝင်ခွင့်ဖြေရန် သွားရာ လမ်းတစ်လျှောက်လုံးတွင် စွန်းရုံက ၀မ်လင်း နှင့် ရင်းနှီးလာစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

သို့ရာတွင် ၀မ်လင်း၏ အေးစက်စက်မျက်နှာက သူမကို တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ။

ဒါက စွန်းရုံလို မိန်းမလှတစ်ဦး အတွက် တကယ့်ကို ရှက်စရာကောင်းနေသည်။

ဝမ်လင်းအတွက်မူ သူစိမ်းတစ်ယောက်ကို လမ်းညွှန်ပေးသည်မှာ ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။

သူနှင့် စွန်းရုံသာ တူညီသည့် ဦးတည်ရာကို အတူတူ မသွားခဲ့လျှင် သူက လက်မောင်းကို မြှောက်ဖို့ပင် အပင်ပန်းခံနေမည် မဟုတ်ချေ။

အထူးသဖြင့် သူ၇နှစ် ပြည့်သည့်နှစ်တွင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိ လာပြီးနောက် အခြားသူများနှင့် ဆက်ဆံရခြင်းကို မုန်းတီးလာခဲ့သည်။

သူက မှတ်ဉာဏ်ဖတ်သည့် စွမ်းရည်ကို ရရှိပြီး လူတို့၏ အတွင်းစိတ်များကို တစ်ချိန်လုံး ကြားနေရ၏။

ထိုအချိန်မှစ၍ သူ၏နားက တခဏမျှပင် နားအေးပါးအေး မရှိတော့ချေ။

နားကြပ်သာ တပ်မထားလျှင် သူတကယ် ရူးသွားလောက်၏။

စွန်းရုံက သူမနှင့် ဝမ်လင်းတို့ကြားရှိ အေးစက်စက် အကာအရံများကို ချိုးဖျက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူမ စိတ်ကူးနေသည့် အရာများကို ဝမ်လင်းက အတိုင်းသား ကြားနေရသည်။

သူမက လျစ်လျူရှုခံရခြင်း အတွက် လုံးဝ မပျော်မရွှင် ဖြစ်နေသည်။

ရိုးရှင်းစွာပြောရလျှင် ဝမ်လင်းက ထင်ပေါ်လိုခြင်း မရှိ၍ အခွင့်အရေး တချို့ကို အဆုံးရှုံးခံကာ ခြောက်ဆယ် အထက်တန်း ကျောင်းတွင် ပညာသင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၀မ်လင်းအနေဖြင့် ရိုးရှင်းစွာ သုံးသပ်ရလျှင် စွန်းရုံလို အထက်တန်းစား ပါရမီရှင် သခင်မလေး တစ်ယောက် အတွက် သာမန်အဆင့်သာ ရှိသည့် အမှတ်၆၀ အထက်တန်းကျောင်းသို့ လာရောက်တက်ခြင်းက သူမ၏ အရည်အချင်းကို ဖြုန်းတီးရာ ရောက်နေသည်။

သူမ၏ ခွန်အားအရ မည်သည့် အထက်တန်းကျောင်းကို တက်ပါစေ.. အထက်တန်းလွှာ ကျောင်းသား သေချာပေါက် ဖြစ်လိမ့်မည်သာ။

သို့သော် စွန်းရုံ၏ အကြောင်းပြချက်ကမူ ၀မျလငျး၏ အတွေးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

သာမာန် အထက်တန်းကျောင်းသို့ ဝမ်လင်း လာတက်ခြင်းမှာ သူ၏ စွမ်းအားကို ဖုံးကွယ်ထားရန် အတွက်သာ ဖြစ်ပြီး စွန်းရုံကမူ သူမ၏ တည်ရှိမှုကို အများက အလေးဂရုစိုက်ရန် အတွက် ဦးနှောက်ကို အလုပ်ပေး၍ လာတက်ခြင်း ဖြစ်သည်။

နာမည်ကြီးကျောင်းများတွင် အထက်တန်းလွှာ ကျောင်းသား တစ်ဒါဇင်ခန့် ရှိ၍ သူမ၏ အရည်အချင်းကို ပြသရန် မလွယ်ကူချေ။

အမှတ်၆၀ အထက်တန်းကျောင်း ကဲ့သို့ သာမန် ပတ်ဝန်းကျင်တွင်မူ သူမ၏ အရည်အချင်းကို သေချာပေါက်ပြသနိုင်မည်ဟု ခံစားမိခဲ့သည်။

သို့ရာတွင် ကျောင်းထဲကို ဝင်လိုက်သည်နှင့် သူမကို ရှိသည်ဟုပင် မထင်သော ကောင်လေး တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"ကောင်စုတ်.. နင်က လိင်တူချစ်သူလား.. ဒါမှမဟုတ် တစ်ခုခုလား"

ဝမ်လင်းအနေဖြင့် ကျောင်းစတက်သည့်နေ့မှာပင် မိန်းမလှလေး၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဒါက ဘယ်လိုဆိုးရွားတဲ့ အခြေအနေကြီးလဲ"

ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်က ရင်ဘောင်တန်း၍ လမ်းလျှောက်လာရင်း ကူကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

--------------------

အမှတ်၆၀ အထက်တန်းကျောင်း၏ အင်တာဗျူးသည့် ပုံစံက လွန်ခဲ့သည့် နှစ်ပေါင်းရာချီက အသုံးပြုခဲ့သော နေရာချထားရေး စာမေးပွဲကဲ့သို့ပင်။

အင်တာဗျူး၏ ရည်ရွယ်ချက်က ကျောင်းသား တစ်ဦးချင်းစီ၏ အဆင့်အတန်းကို ဘက်လိုက်မှု မရှိဘဲ ဆုံးဖြတ်ရန် ရည်ရွယ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းကို လာတတ်သည့် ကျောင်းသားများက အခြေခံ တည်ဆောက်ခြင်း အဆင့်ကိုရောက်ရှိနေကြပြီ ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် အစောပိုင်းနှင့် နှောင်းပိုင်းဟူ၍ အဆင့်သေးနှစ်ဆင့် ပြန်ခွဲထားသေးသည်။

ထိုအဆင့်သေး နှစ်ခုက ဘာမှ အရေးမပါဟု ထင်ရသော်လည်း တကယ်တမ်း တိုက်ခိုက်ကြလျှင် ကွာဟချက်က အလွန်ပင် ကြီးမားသည်။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသား အချင်းချင်း တိုက်ခိုက်၍ စာမေးပွဲဖြေဆိုစေသည့် နည်းလမ်းကို အသုံးမပြုခဲ့ခြင်းပင်။

အတော်လေး သေးငယ်သော စာသင်ခန်း တစ်ခုထဲတွင် စာမေးပွဲ ကြီးကြပ်သူသုံးဦးက စီတန်း၍ ထိုင်နေကြ၏။

ထိုအခန်းထဲတွင် အင်တာဗျူး ဖြေရန် စောင့်ဆိုင်းနေသည့် ကျောင်းသားတချို့လည်း ရှိနေသည်။

ဝမ်လင်းက စာသင်ခန်းထဲ ရောက်သည်နှင့် အနောက်ဆုံးတန်း နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး အလျင်အမြန် ဝင်ထိုင်လိုက်သည်။

ထိုသို့ အနောက်ဆုံးခုံတွင် ဝင်ထိုင်ရသည့် အကြောင်းရင်းက လူအများ သတိမထားမိစေရန် ဖြစ်သည်။

ဝမ်လင်းနှင့် မရှေးမနှောင်းမှာပင် စွန်းရုံက စာသင်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။

သူမ၏ ရုပ်ရှင်ကြယ်ပွင့်များ ကဲ့သို့ အသွင်အပြင်က ကျောင်းသားများနှင့် စာမေးပွဲ ကြီးကြပ်သူ ၃ဦးကိုပင် မျက်စိပသာဒ ဖြစ်စေခဲ့၏။

သူမ၏ ထင်ရှားပေါ်လွင်သော အလှက ယောကျာ်းလေးများကို ရှိန်းတိန်းဖိန်းတိန်း ဖြစ်စေခဲ့သည် ဆိုလည်းမမှားပေ။

မိန်းကလေးအချို့ပင် သူမ၏ အလှကြောင့် သိမ်ငယ်သလို ခံစားလာရပြီး ရှက်ရွံ့ ခေါင်းငုံ့သွားကြသည်။

"ငါ့နာမည် စွန်းရုံပါ.. ငါတို့က အတန်းဖော်တွေ ဖြစ်လာတော့မယ် ဆိုတော့ အားလုံးက ငါ့ကို ဖေးမကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"

စုရုံက သူမ၏ ချစ်စရာကောင်းသော အသွင်အပြင်ကြောင့် လူအများ၏ အာရုံစိုက်မူကို အမြဲလိုလို ခံရလေ့ ရှိသည်။

ယောကျာ်းလေးများ သာမက မိန်းကလေးများကလည်း သူမကို နှစ်သက်ကြသည်။

သူမက ယဥ်ကျေးစွာ ဦးညွှတ်လိုက်ပြီး သူမ၏ လှပသော ဆံနွှယ်စကို နောက်သို့ အသာအယာ သပ်တင်လိုက်ကာ စာမေးပွဲ ကြီးကြပ်သူ ၃ဦးကို ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။

လက်ရှိတွင် စွန်းရုံကို မကျေမနပ် ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ယခုအချိန်အထိ ပိုကာမျက်နှာကို မပြောင်းလဲသော ဝမ်လင်းပင် ဖြစ်သည်။

ဤကမ္ဘာကြီးတွင် သူမ၏အလှကို မတုန်မလှုပ်သော ပုရိသယောကျာ်း တစ်ယောက် ရှိနေပါသလော။

ထိုသို့ တွေးမိရင်း သူမ၏ စိတ်ထဲတွင် ဝမ်လင်း၏ အာရုံကို ဆွဲဆောင်နိုင်မည့် အစီအစဥ်ကို တွေးမိလိုက်သည်။

တစ်ဖက်တွင်လည်း စွန်းရုံ၏ မိတ်ဆက်စကားကြောင့် ကြီးကြပ်သူ၃ဦးက အံ့အားသင့်နေကြသည်။

"စွန်း.. စွန်းရုံလား"

ထိုစကားကို ထစ်ငေါ့စွာ ရေရွတ်လိုက်သည့် ကြီးကြပ်သူ အမျိုးသား၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။

"ဘယ်က စွန်းရုံလဲ.. နေကြာပန်း ဆိုတဲ့ စွန်းရုံတော့ မဟုတ်လောက်ပါဘူးနော်"

ထိုသို့ရေရွတ်ရင်း ကြီးကြပ်သူ နောက်တစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ စုရုံ၏ ကိုယ်ရေး အချက်အလက် ဖိုင်တွဲကိုလှန်လှော ကြည့်ရှုလိုက်သည်။

"မဖြစ်နိုင်တာ.. သူမက ဟွာကော ရေတံခွန် အုပ်စုရဲ့ အကြီးဆုံး မြေးမလေး စွန်းရုံ အစစ်တဲ့လား"

အနောက်ဆုံးတန်း ခုံတွင် ထိုင်နေသည့် ဝမ်လင်းက ကြီးကြပ်သူထံမှ စကားကိုကြားလျှင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။

စွန်းရုံ၏ နောက်ခံက သာမန် မဟုတ်ကြောင်း သူခန့်မှန်းထားပြီး ဖြစ်သော်လည်း သူမက အင်အားကောင်းသော မိသားစုမှ ဟုတော့ မထင်ထားခဲ့ချေ။

သူက သိုသိုသိပ်သိပ် နေလိုသောကြောင့် သာမန် အထက်ကျောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ကျောင်းတရားဝင် မတက်မီမှာပင် အင်အားကြီးသည့် မိသားစုမှ မျိုးဆက် တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စွန်းရုံက ဝမ်လင်းကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး ဝမ်လင်းဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဝမ်လင်းက သူမကို ဘာစကားမှ မပြောခဲ့ပေ။

သူက ဟွာကော ရေတံခွန်ဆတ အုပ်စု၏ အကြီးဆုံး မြေးမလေး သာမန် အလယ်အလတ် အထက်တန်းကျောင်းသို့ လာတက်ရသည့် အကြောင်းရင်းကို စဥ်းစားခန်း ဝင်နေခဲ့သည်။

ယနေ့ခေတ် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်များက သူကဲ့သို့ ထင်ပေါ်ကျော်ကြားခြင်းကို အလိုမရှိ၍လော။

ဝမ်လင်းက စုရုံ၏ ရွှန်းလဲ့သော အကြည့်များကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ခွန်အား အစစ်အမှန်ကို မဖော်ပြမိဖို့ သတိထားနေသ၍ ဤစိတ်အနှောင့်အယှက် ဖြစ်စရာ မိန်းကလေးကို သူ့အနားကနေ အထစ်အငေါ့မရှိ ဖယ်ရှားနိုင်မည် မဟုတ်ပါလား။

ဝမ်လင်းက အတန်းထဲတွင် သူ့ကို တစ်နေကုန် မရပ်မနား စိုက်ကြည့်နေသည့် အရူးအမူး စွဲလမ်းနေသူမျိုးကို မလိုချင်ပေ။

ယင်းအချိန်တွင် စာမေးပွဲ ကြီးကြပ်သူ၏ စကားသံက ထွက်ပေါ်လာသည်။

"အင်တာဗျူး စတော့မယ်.. ကျောင်းသူ ကျောင်းသား အားလုံး အသင့် ပြင်ဆင်ထားကြပါ"

အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ရှိသော ကျောင်းသူကျောင်းသား အားလုံးအတွက် အင်တာဗျူးက မျှော်လင့်ထားသလောက် မခက်ခဲပေ။

အင်တာဗျူး၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏ ခွန်အားကို စမ်းသပ်လိုခြင်း ဖြစ်သည်။

ပါရမီရှိ အနည်းငယ် ရှိရုံဖြင့် ကလေးဘဝတွင် အရင်းအမြစ် လုံလောက်စွာ ရရှိလျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်ပေသည်။

ချွင်းချက်အနေဖြင့် မည်သည့် ဆေးဝါး အရင်းအမြစ်အကူအညီမှ မယူဘဲ ၂နစ်ပြည့်တိုင်း အဆင့်တစ်ဆင့်နှုန်း တိုးတက်နေသည့် ဝမ်လင်းကဲ့သို့ မွန်းစတား တစ်ကောင်လည်း ရှိနေပါသေးသည်။

ယနေ့ခေတ်တွင် ဝမ်မောင်နှံတို့ ခေတ်တုန်းကလို ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် အရင်းအမြစ် ရှားပါးသည့် ပြသနာများကို မကြုံတွေရတော့ပေ။

ယနေ့ခေတ် မြို့ပြများရှိ ကလေးတိုင်းသည် ငယ်စဥ်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန် အမျိုးမျိုးကို သုံးစွဲခဲ့ကြသည်။

"ဒိုင်းမွန်းပါတနာ" နှင့် "ဘရိန်းဂိုးလ်" ကဲ့သို့ လူကြိုက်များသော နာမည်ကြီး အမှတ်တံဆိပ် ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များသည် လူတစ်ဦး၏ ကျင့်ကြံမှု အခြေခံ.. ဉာဏ်ရည်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုကို မြှင့်တင်ပေးနိုင်သည်။

ထိုထုတ်ကုန် အားလုံးက ဟွာကော ရေတံခွန် အုပ်စု၏ ထုတ်ကုန်များ ဆိုလည်းမမှားပေ။

"ရွှေနှင့်ကျောက်စိမ်းက အပြင်ဘက်တွင်သာ လှပြီး အတွင်းဘက်တွင် ပုပ်သိုးဆွေးမြေ့သည်" ဟူသော ဆိုရိုးစကား အတိုင်းပင် ကျင့်ကြံမှု အခြေခံကို မြှင့်တင်ဖို့ ဖြည့်စွက်စာတွေ အပေါ် မှီခိုမှုက အဆိုးဆုံး ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

ကျောင်းသားများက အခြေခံ တည်ဆေက်ခြင်း အဆင့် ဖြစ်သော်လည်း ၎င်းတို့၏ စစ်မှန်သော ခွန်အားက တိုက်ပွဲစင်မြင့်ထက်မှ ခွန်အားနှင့် အမှန်တကယ် ကိုက်ညီမှု ရှိမရှိကိုမူ ကျောင်းက မသိရှိရသေးပေ။

ဤသည်က အင်တာဗျူး ဖြေဆိုရခြင်း၏ တကယ့် အကြောင်းအရင်းမှန် ဖြစ်၏။

ထိုသို့ စစ်ဆေးခြင်းဖြင့် ရှင်းလင်းသော အကဲဖြတ် ရလာဒ်များကို ရရှိမည့်အပြင် အလားအလာရှိသော ပါရမီရှင်များကို ဖော်ထုတ်နိုင်မည် မဟုတ်ပါလော။

ကျောင်းသားများက အခြေခံ တည်ဆောက်ခြင်း အဆင့်ကနေ ရွှေအမြူတေ အဆင့်သို့ တက်လှမ်းနိုင်လျှင် ကျောင်း၏ ဂုဏ်သတင်း အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။

ထိုဂုဏ်သတင်းက နောင်တစ်ချိန်တွင် အဓိက အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင်ပေးရန် လျှောက်လွှာတင်သော အခါတွင် အကဲဖြတ်မှု စံနှုန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ယင်းအချိန်တွင် လူလတ်ပိုင်း အရွယ် ကြီးကြပ်သူ တစ်ဦးက စူးရှသော မျက်လုံးအစုံဖြင့် ကျောင်းသားအားလုံးကို ဝေ့ကြည့်လိုက်ပြီး

"ငါတို့ ခြောက်ဆယ် အထက်တန်းကျောင်းရဲ့ မှတ်တမ်းအရ ကျောင်းသား တစ်သောင်းမှာ နှစ်ယောက်လောက်ပဲ ရွှေအမြူတေ အဆင့်ကို ရောက်ခဲ့တယ်.. ရွှေအမြူတေ အဆင့်ကို ရောက်တဲ့သူတွေက လူတိုင်းလိုလို စိတ်ကူးယဥ်ခဲ့ကြတဲ့ စိတ်ဝိညာဉ်အဆင့် အတွက် ပိုမိုကောင်းမွန်တဲ့ တက္ကသိုလ်ဆီ သွားနိုင်ခဲ့ကြတယ်.. လာမဲ့ ၃နှစ် အတွင်းမှာ မင်းတို့ အားလုံးက ကြိုးကြိုးစားစား ကျင့်ကြံပြီး အရည်အချင်း ပြည့်ဝတဲ့ ကျင့်ကြံသူတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်"

တစ်သောင်းမှာ နှစ်ယောက်သာ ရွှေအမြူတေ အဆင့်ကို ရောက်သည်မှာ အနည်းငယ် ရှက်စရာ ကောင်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း ခြောက်ဆယ် အထက်တန်းကျောင်းကမူ တစ်နှစ်လျှင် ကျောင်းသား၃၀၀ အောက်သာ ခေါ်ယူနေသည်။

သို့ရာတွင် ရွှေအမြူတေအဆင့် ကျောင်းသားကို မမွေးထုတ်နိုင်သည့် ဆိုးရွားသော ကျောင်းတချို့နှင့် ယှဥ်လျှင် ခြောက်ဆယ် အထက်တန်းကျောင်း၏ ရလာဒ်က သိပ်မဆိုးရွားဟု ဆိုရမည် မဟုတ်ပါလား။

"ကဲ.. ငါတို့ရဲ့ ခွန်အား စမ်းသပ်မှု စတင်တော့မယ်.. စမ်းသပ်မှုအတွက် လူတိုင်းက ပုံရိပ်ယောင်မျက်မှန်ကို တပ်ထားရမယ်"

ထို့နောက်တွင် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသော ကြီးကြပ်သူ တစ်ဦးက လည်ချောင်းကို အနည်းငယ် ရှင်းလိုက်ပြီး နာမည် တစ်ခုကို အော်ပြောလိုက်သည်။

"ပထမဆုံး အလှည့်ကျသူက.. စွန်းရုံ.. "

အပိုင်း(၂) ပြီး၏